Home
ဆောင်းပါး
ခေတ်ပြောင်းတော်လှန်ရေး မြစ်ရေစီးတို့မည်သည် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နောက်ပြန်စီးရိုး ထုံးစံမရှိ
DVB
·
September 29, 2024
Design-DVB

စစ်အာဏာရှင်စနစ်ဟောင်းကို တိုက်စားဖြိုဖျက်ပြီး ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု နိုင်ငံတော်သစ်တည်ဖို့ အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာတဲ့ နွေဦးတော်လှန်ရေးဆိုတဲ့ ခေတ်ပြောင်း မြစ်ရေစီးကြီးဆိုတာ နောက်ပြန်စီးရိုးထုံးစံမရှိဘဲ ရှေ့ကိုသာ ဆက်လက်စီးဆင်းနေမယ့် စနစ်ပြောင်းရေစီးကြောင်းကြီးပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉ ဆိုတဲ့ ရောဂန္တရ ကပ်ဘေးကြီးက လွတ်မြောက်ပြီးစမှာပဲ ၂၀၂၁ ခုနှစ် ဖေ‌ေဖာ်ဝါရီလ ၁ ရက်နေ့ကစလို့ ကမ္ဘာမှာ အဆိုးယုတ် အမိုက်ရိုင်းဆုံး အာဏာရှင် ဘေးဆိုးကြီးနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ အဲဒီကနေ စစ်ဓားပြဂိုဏ်းက ဖန်တီးခဲ့တဲ့ စစ်ဘေး၊ သူခိုးဓားပြဘေး၊ လူရှို့မီးဘေး၊ ရေဘေး၊ အစာရေစာ ငတ်မွတ်ခေါင်းပါးဘေး စတဲ့ ဘေးဆိုးအမျိုးမျိုးနဲ့ အပြင်းအထန် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီကနေ့ မျက်မှောက်ကာလ မြန်မာပြည်သူ‌တွေကြားက နိုင်ငံရေးရေချိန်ကို ကြည့်လိုက်ရင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြင်းထန်လာခိုက် သတင်းတွေဆူ ခံစားချက်ပူလာခဲ့ရင် ပျော့လာလိုက်၊ အေးရင် မာသွားလိုက်ဖြစ်တဲ့ ချိတ်နဲ့တူတဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေထက် နောက်ပြန်မလှည့်တော့မယ့် အရှိန်တညီးညီးနဲ့ ရေရှည်စွဲမြဲစွာ တောက်လောင်တတ်တဲ့ ရှားမီးခဲလို နိုင်ငံရေးစိတ်ပြင်းထန်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ များလာတာကို အထင်အရှား တွေ့လာရပါတယ်။

ရှုပ်ထွေးပွေလီတဲ့ ပထဝီဝင်နိုင်ငံရေး၊ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံတဲ့ အင်အားကြီး အိမ်နီးချင်း နိုင်ငံဆိုးတွေရဲ့ ပါဝင်စွက်ဖက်နေတာကြောင့် မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ရေး နိုင်ငံရေး ကိစ္စတွေဆိုတာ လူပြိန်းတယောက်လို တဲ့တိုးကြီး အဓိပ္ပာယ်ကောက်လို့ မရသလို ပြည်သူလူထုရဲ့ ခေတ်ပြောင်းတော်လှန်ရေးဆိုတာ ဘယ်တော့မှ နောက်ပြန်လှည့်သွားမှာ မဟုတ်ပါဘူး ဆိုတာကို မှန်ကန်စွာ သဘောပေါက်ဖို့ လိုပါတယ်။

စစ်အာဏာရှင်စနစ်ဟောင်းဖြိုဖို့ စီးဆင်းလာတဲ့ ခေတ်ပြောင်းတော်လှန်ရေး ရေစီးကြောင်းကြီးဟာ နိုင်ငံရေးဖြစ်စဥ် အလှည့်အပြောင်း အနိမ့်အမြင့် အတက်အကျတွေပေါ် မူတည်ပြီး အကွေ့အကောက်ရှိမှာ၊ ရေစီးပြေတာ၊ ရေစီးသန်တာတွေ ဖြစ်နိုင်ပေမဲ့ သူဦးတည်ရာ စီးဆင်းရမယ့် လမ်းကြောင်းကို ဘယ်တော့မှ ပျောက်မသွားပါဘူး။

ဒီထက်ရှင်းအောင်ရေးရရင် မြန်မာပြည်သူ အများစုကြီးဟာ တော်လှန်ရေးခရီးလမ်းဟာ ဘယ်လောက် ကြမ်းတမ်းသည်ဖြစ်စေ၊ ဘယ်လောက် ခက်ခဲဆင်းရဲပါစေ မကောင်းဆိုးဝါး စစ်ဖိနပ်အောက်ကို ဘယ်တော့မှ ပြန်မသွားတော့ဘူး၊ ဖိနှိပ်မှုတိုင်း၊ မတရားမှုတိုင်းကို ခေါင်းငုံ့မခံ‌တော့ဘူး ဆိုတာပါပဲ။ ကိုယ့်ကံကြမ္မာ ကိုယ်သာဖန်တီးနိုင်ခွင့်ရှိမယ့် လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရှိမယ့် နိုင်ငံတော်သစ်တည်ဆောက်ရေး လမ်းကြောင်းက သွေဖည်သွားမှာ မဟုတ်တော့ပါဘူး။

ကမ္ဘာ့မှတ်တမ်းဝင် မြန်မာ့နွေဦးတော်လှန်ရေးအပေါ် မမှိတ်မသုန် ယုံကြည်ပြီး ခံယူချက် ပြင်းထန်တဲ့ သိတတ်နားလည်တဲ့ ပြည်သူတိုင်းဟာ လုပ်အားကူနိုင်တာကူ၊ ငွေအားကူနိုင်တာကူ၊ နည်းပညာကူနိုင်တာကူ၊ အကြံဉာဏ်ကူနိုင်တာကူ၊ လူထုဆက်သွယ်ရေးနဲ့ သတင်းဖြန့်ချိရေး ကူနိုင်တာကူပြီး နိုင်ရာဝန်ထမ်းလို့ ရှားမီးခဲလို နိုင်ငံရေးခံယူချက်တွေနဲ့ ကြံ့ကြံ့ခံတွန်းလှန်ရင်း စီးဆင်း ခရီးဆက်နေကြတာဟာ အားရစဖွယ် တွေ့နေကြရပါတယ်။

အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာတဲ့ ဒီခေတ်ပြောင်းရေစီးကြောင်းကြီးထဲမှာ စစ်မှန်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ရောနှောပြီး နိုင်ငံ‌ရေးလုပ်စားကြတဲ့ တော်လှန်ရေးအမှိုက်တွေ ဒိုက်တွေ ပါလာတတ်ကြပါတယ်။ ဗီဇမမှန် သန္ဓေမမှန်တဲ့ တော်လှန်ရေးအညစ်အကြေးတွေဟာ များသောအားဖြင့် ကြာကြာမခံဘဲ ရေမျောကမ်းတင် ကျန်ရစ်ခဲ့ကြတာပါပဲ။

တိုင်းရင်းသား တော်လှန်‌ရေးလက်နက်ကိုင် အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီဖြစ်ဖြစ် လူပုဂ္ဂိုလ်တဦးချင်းစီဖြစ်ဖြစ် သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ ဗီဇသဘာဝ၊ ပထဝီဝင်နိုင်ငံရေး၊ ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးနဲ့ ရှင်သန်ရေးဆိုင်ရာ လိုအပ်ချက်တွေပေါ် မူတည်ပြီး ကိုယ့်သမိုင်း ကိုယ်ရေးထိုးကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့စွဲနဲ့ MNDAA ကိုးကန့်တပ်မတော်လို့ လူသိများတဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်မတော်ကနေ လတ်တလော နိုင်ငံတော်အခြေအနေနဲ့ ပတ်သက်လို့ ရပ်တည်ချက်ထုတ်ပြန်ခြင်း ခေါင်းစဉ်နဲ့ ထုတ်ပြန်ကြေညာခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ပြုလုပ်ရန် မရှိ‌ပေမဲ့လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်ထားမည်လို့ MNDAA က ကြေညာခဲ့ရတာဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအပေါ်မှာ တရုတ်ရဲ့ဖိအား စွက်ဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဘယ်လောက်ကြီးမားနေတယ်ဆိုတာ အထင်းသား မြင်နေရပါတယ်။

အမိမဲ့သား ရေနည်းငါး ဆိုသလို ကိုယ့်ပြည်ထောင်စုကြီးဘက်မှာ တစုတစည်းတည်း ချီတက်နိုင်ဖို့ အခြေအနေ မပေးသေးတာရယ်။ ကိုယ့်ခြံစည်းရိုးဘေးက ဆာလောင်မွတ်သိပ်နေတဲ့ ဘီလူးကြီးတကောင်နဲ့ ကပ်လျက်နေထိုင် ရှင်သန်နေကြရတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ မလူးသာမလွန့်သာ အခြေအနေကို ခံစားနားလည်ပေးနိုင်ပါတယ်။

အဓိကဖြစ်တဲ့ မြန်မာပြည်သူနဲ့ ပြည်ထောင်စုကြီးကို ဗဟိုပြုထားတဲ့ နိုင်ငံရေးအမြင်၊ တော်လှန်ရေးခံယူချက် သဘောတရားနဲ့ ခိုင်ခိုင်မာမာ လျှောက်လှမ်းနေဖို့ လိုပါတယ်။ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခိုင်ခန့်တဲ့ အစိတ်အပိုင်းတရပ် ဖြစ်လိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကနေ မသွေဖည်သွားဖို့ အရေးကြီးလှပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာ့နွေဦး ခေတ်ပြောင်းတော်လှန်ရေး မြစ်ရေစီးဟာ ဘယ်သောအခါမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌နောက်ပြန်စီးသွားမှာ မဟုတ်ပါဘူး။ ပြည်တွင်းက စစ်အာဏာရှင် မကောင်းဆိုးဝါးအုပ်စုနဲ့ ပြည်ပက တရုတ်၊ ရုရှား စတဲ့ အာဏာရှင်တိုင်းပြည်တွေ ဘယ်လောက်ပဲ ရက်စက်ယုတ်မာစွာ ဖြိုခွဲတားဆီးနေပါစေ သူစီးဆင်းရမယ့်အလုပ်ကို တစိုက်မတ်မတ်ပြုပြီး စီးဆင်းနေမှာ လောကဓမ္မတာတရပ် ဖြစ်ပါတယ်။

ဗြိတိသျှလူမျိုး ကဗျာဆရာ အဲလ်ဖရက် လော့ဒ်တန်နီဆန် ရေးစပ်ခဲ့တဲ့ The Brook ဆိုတဲ့ ကဗျာထဲက လိုပါပဲ။ For men may come and men may go, But I go on for ever. လာတဲ့သူလာ သွားသူသွားနဲ့ ပြောင်းလဲနေပေမဲ့ ငါကတော့ စီးဆင်းမြဲ ဆိုသလို စစ်အာဏာရှင်စနစ်ဟောင်းကို အပြီးဖြိုဖျက်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရေစီးကြောင်းထဲမှာ ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်‌သစ်ကို တည်ဆောက်သူတွေနဲ့ စနစ်ဟောင်း ကာကွယ်လိုသူတွေဟာ တဖွဲ့ပြီးတဖွဲ့၊ တယောက်ပြီးတယောက် ရေစီးထဲ ဝင်လာလိုက်၊ ထွက်သွားလိုက်၊ ကမ်းပေါ်တင် ကျန်ရစ်လိုက်နဲ့ အခြေအနေတွေ ပြောင်းလဲနေပေမဲ့ ဒီသမိုင်းဝင်ရေစီးကြောင်းကြီးဟာ ဦးတည်ချက်မပြောင်းဘဲ သူ့ခရီးသူ ဆက်နေတာမို့ ဘာနဲ့မှ တားဆီးလို့မရနိုင်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး မကြာခင် မလွဲဧကန် ပေါ်ထွန်းလာမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024