လတ်တလောမှာ အကြမ်းဖက်မှု လှိုင်းလုံးကြီးတွေနဲ့ ကြုံနေရတဲ့ မက္ကဆီကိုနိုင်ငံရဲ့တောင်ပိုင်း ပစိဖိတ်ဒေသရှိ ဂွာရဲရိုးပြည်နယ်မှာ အောက်တိုဘာ ၂၄ ရက်က မက္ကဆီကိုစစ်တပ်နဲ့ ရာဇ၀တ်ဂိုဏ်းတို့ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပြီး သေဆုံးသူတွေဟာ ရဲအရာရှိ ၂ ဦး နဲ့ ရာဇ၀တ်ဂိုဏ်းဝင်တွေလို့ ယူဆရသူ ၁၅ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်နယ်ရဲ့ ကျေးလက်တောင်တန်းဒေသမှာ ပြိုင်ဘက်အဖွဲ့ကို ထိပ်တိုက် ရင်ဆိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုဟာ ကြာသပတေးနေ့ မနက် ၅ နာရီ လောက်မှာ ဒေသခံရဲအရာရှိတွေနဲ့ ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဖွဲ့နာမည် အတိုကောက် GNG လို့ အမှတ်အသားပါတဲ့ လက်နက်ကိုင်အဖွဲ့ဟာ အစပိုင်းက စစ်တပ်နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘဲ တက်ပ်ကန်ဒီဂါလိနာမြို့ထဲက ရာဇ၀တ်ဂိုဏ်းနဲ့ တိုက်ခိုက်မှာ ဖြစ်တယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖို့ချ် က ပြောပါတယ်။
အရာရှိ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဒဏ်ရာ ရရှိသူတွေဟာ ဆေးကုသမှု ခံယူပြီးတော့ အခြေအနေ တည်ငြိမ်နေပြီ လို့ ဆိုပါတယ်။
အနီးနားရှိ အမျိုးသားအစောင့်တပ်စခန်း တခုကလည်း တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ပြီး စစ်ဘက်အရာရှိ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။
မက္ကဆီကိုစစ်တပ်ဟာ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ မော်တော်ယာဉ်အားလုံးကို သိမ်းဆည်း ရမိခဲ့ပြီး သူတို့ဆီမှာ လက်နက်တွေ အပြည့်အစုံ ရှိနေတာကို တွေ့ရတယ်လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာ ဂါစီယာ ဟာဖို့ချ် က ပြောပါတယ်။
အသေးစား စက်သေနတ်တွေနဲ့ ကျည်ဆံသေတ္တာ ၅၀ လောက်ကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ပြီး အဲဒီလက်နက်ခဲယမ်းတွေ ဘယ်ကလာတယ် ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ပြောဆိုပါတယ်။
Source-Reuters