မက္ကဆီကိုနိုင်ငံ၊ ဆီနာလိုအာပြည်နယ် မြို့တော်အနီး ပစ်ခတ်မှုမှာ သံသယရှိ ဂိုဏ်းဝင် ၁၉ ယောက် သေဆုံးခဲ့ပြီး ဒေသတွင်း ဂိုဏ်းခေါင်းဆောင်တယောက်ကို ဖမ်းဆီးထားကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်မှာ ပြောကြားခဲ့ပြီး ဂိုဏ်းအချင်းချင်း အကြမ်းဖက်မှုတွေလည်း ပြင်းထန်လာတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၁ ရက်က ဆီနာလိုအာမြို့တော် ကူလီယာကန်ရဲ့ အပြင်ဘက် ၇ မိုင် (၁၁ ကီလိုမီတာ) အကွာမှာ သေနတ်သမား ၃၀ ကျော်အဖွဲ့က စစ်သားတွေကို ပစ်ခတ်ခဲ့ရာက ပဋိပက္ခ ဖြစ်ပွားခဲ့တာလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖက်ဒရယ်အေးဂျင့်တွေက ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ သံသယရှိ ဂိုဏ်းဝင်သေနတ်သမားတချို့ အခင်းဖြစ်ပွားရာနေရာက ထွက်ပြေးသွားခဲ့ကြောင်းလည်း ဆိုပါတယ်။
ဆီနာလိုအာရှိ စစ်တပ်က ဖမ်းမိထားတဲ့ အက်ဒွင် အန်တိုနီယို ရူဘီယို လိုပက်ဇ်ဟာ ဂန္ထဝင် ပူးတွဲဂိုဏ်းဘုရင် အစ္စမဲလ် အယ်လ်မာယို ဇမ်ဘာဒါ ဦးဆောင်တဲ့ ဆီနာလိုအာ ဂိုဏ်းခွဲကြီးရဲ့ ဒေသခံခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။
ပစ်ခတ်မှုတွေအပြီးမှာ စက်သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ စစ်ဝတ်စုံစတိုင် ကိုယ်ကျပ်အင်္ကျီတွေနဲ့ ခမောက်တွေ အပါအဝင် မော်တော်ယာဉ် ၇ စီးနဲ့ သေနတ်အလက် ၃၀ နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဂိုဏ်းဘုရင် ဇမ်ဘာဒါကို ဖမ်းဆီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းကတည်းက ပစိဖိတ်အနောက်ဘက် ကမ်းရိုးတန်းပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဆီနာလိုအာဂိုဏ်းကြီးရဲ့ နောက်ထပ် အင်အားကြီးအဖွဲ့ခွဲတခုဖြစ်တဲ့ လော့စ် ချာပီတိုဂိုဏ်းမှ ထိပ်တန်းခေါင်းဆောင်တယောက်ဟာ အသက် ၇၀ လောက် ရှိပြီလို့ ယူဆရတဲ့ ဇမ်ဘာဒါကို ပြန်ပေးဆွဲခဲ့ပြီး သူ့ဆန္ဒနဲ့ဆန့်ကျင်ကာ အမေရိကန်ကို ထွက်ခွာသွားခဲ့တာလို့ ဇမ်ဘာဒါက စွပ်စွဲခဲ့ပါတယ်။
တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့အနီးရှိ အမေရိကန်ပြည်ထောင်စု လေယာဉ်ကွင်းကို ပျံသန်းခဲ့ပြီးနောက်မှာ အမေရိကန် တာဝန်ရှိသူတွေက ဇမ်ဘာဒါကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
Source-Reuters