ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ဇနီး ဘူရှ်ရာ ဘီဘီကို နိုင်ငံတော်လက်ဆောင်များ တရားမဝင် ရောင်းချမှုနဲ့ ဆက်နွှယ်နေတဲ့ အမှုကနေ အာမခံ ရရှိပြီးနောက် အောက်တိုဘာ ၂၄ ရက်မှာ ထောင်ကလွတ်လာပြီး ၉ လတာ အကျဉ်းချခံရမှုကနေ အဆုံးသတ်ခဲ့ပါတယ်။
ဒါဟာ သူ့ကို ဖမ်းဆီးပြီးတော့ ထောင်ကျခံခဲ့ရတဲ့ နောက်ဆုံးအမှုဖြစ်ပြီး အစ္စလာမ္မာဘတ် တရားရုံးချုပ်က မနေ့က သူ့ကို အာမခံပေးခဲ့ပြီး နောက်ဆုံးတော့ ဒီနေ့ ထောင်က လွတ်လာခဲ့ပါပြီလို့ အကျဉ်းကျခံ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပီတီအိုင်ပါတီ ဥက္ကဋ္ဌ ဂိုဟာ အလီခန်းက ပြောပါတယ်။
ဇန်နဝါရီလတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ ခန်းကတော် ဘီဘီဟာ ရာဝါလ်ပင်ဒီ မြို့စောင့်တပ်ရှိ အာဒီယာလာ အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပြီး အင်မရန်ခန်းကတော့ အဲဲဒီထောင်မှာ ပြစ်ဒဏ်ကျခံနေရတုန်း ဖြစ်ပါတယ်။
ထောင်ကလွတ်လာတာဟာ မနှစ် ဩဂုတ်လက ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း အကျဉ်းချခံခဲ့ရပြီးကတည်းက ခန်းနဲ့ သူ့မိသားစုအတွက် အကြီးမားဆုံး တရားရေးဆိုင်ရာ သက်သာရာရမှုလည်း ဖြစ်ပါတယ်။
ဘီဘီဟာ အိမ်ခြံမြေလုပ်ငန်းတခုဆီကနေ မြေယာရယူမှုနဲ့ ဆက်စပ်နေတဲ့ အကျင့်ပျက်ခြစားမှု အနည်းဆုံး အမှုတခုနဲ့ ရင်ဆိုင်နေရပါတယ်။
ခန်းကိုယ်တိုင်လည်း ၂၀၂၂ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံရပြီးကတည်းက အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေတွေ ချိုးဖောက်မှု စွဲချက်တွေ အပါအဝင် တခြားအမှုပေါင်း ဒါဇင်များစွာနဲ့ ရင်ဆိုင်နေရတာပါ။
ဝန်ကြီးချုပ်ဟောင်း ခန်းဟာ လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် ဦးဆောင်တဲ့ သူ့ပြိုင်ဘက်တွေရဲ့ ညွန့်ပေါင်းအဖွဲ့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters