Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏သမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရ
DVB
·
October 25, 2024

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ကိုနေရာပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်မှာတော့ မရမ်းကုန်းမြို့မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာ ၂၃ ရက်က ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ် ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ဒေါက်တာနေစိုးမောင်နဲ့ ရင်းနှီးသူတယောက်က "ပြီးခဲ့တဲ့ရက်တွေကတည်းက အဖမ်းခံရတယ်ဆိုပြီး သတင်းထွက်နေတာ၊ အခု စစ်တပ်က ကြေညာတာဆိုတော့ အဖမ်းခံရတာ သေချာသွားပြီ။ ရှေ့လကတည်းက သူ့နောက်ကို ထောက်လှမ်းရေးတွေ လိုက်နေတယ်ဆိုတာ သူ့အကောင့်မှာ ပို့စ်တင်ထားသေးတယ်” လို့ ပြောပါတယ်။

ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့  အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ လက်ရှိ အာဏာရယူထားတဲ့ စစ်ခေါင်းဆောင်တွေကြား သဘောထားတင်းမာမှု ရှိတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒေါက်တာနေစိုးမောင်က မင်္ဂလာဒုံ ဆေးရုံအုပ်ကြီးနဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတယောက်ဖြစ်သလို သူ့ရဲ့ ဖခင်က ဗိုလ်မှူးချုပ်တင်စိန်ဖြစ်ပြီး ယောက္ခမဖြစ်သူကတော့ စစ်အာဏာရှင်ဟောင်း  ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြန်ကြားရေးဒုဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီးရဲထွဋ်ကိုလည်း လူမှုကွန်ရက်ပေါ် မှာ စစ်တပ်ကို ဝေဖန်ရေးသားမှုနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ) နဲ့ ထောင် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013