Home
မြန်မာသတင်း
တပ်တွင်းမကျေနပ်မှုများ မြင့်တက်ပြီး စစ်ခေါင်းဆောင်ကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းမှုများ ရှိလာနိုင်ဟု ICG သုံးသပ်   
DVB
·
October 23, 2024

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုအပေါ် စစ်တပ်အတွင်းမှာ မကျေနပ်မှုတွေနဲ့ သဘောထားကွဲလွဲမှုတွေ မြင့်တက်လာနိုင်ပြီး ထိပ်ပိုင်း စစ်တပ်အရာရှိကြီးတွေက စစ်ခေါင်းဆောင်ကို ရာထူးကနေ ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိလာနိုင်တယ်လို့  နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG)က ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစတင် ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့် မြန်မာနိုင်ငံရဲ့ နောက်ဆုံးရ အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) က မြန်မာ့ပဋိပက္ခရဲ့ အနာဂတ်အလားအလာနဲ့ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ရာမှာ ခုလို ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခရဲ့ ဦးတည်ရာအလားအလာနဲ့ပတ်သက်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟိုဆေးက “၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခမှာ သိသာထင်ရှားတဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့သလို တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးရဲ့ ရလဒ်အနေနဲ့ စစ်တပ်ဟာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတဲ့အထိ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး  နိုင်ငံတဝန်း နေရာအများစုမှာလည်း ခံစစ်အသွင်ပြောင်းခဲ့ရပါတယ်။ အခုနှစ်၊ ဇွန်လမှာ တကျော့ပြန် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာလည်း စစ်တပ်ဟာ နောက်ထပ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ တရစပ်ရင်ဆိုင်ခဲ့ရ ပြီး နိုင်ငံရဲ့ နယ်စပ်ဒေသအများစုကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အခုလက်ရှိမှာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ဘယ်လောက်ကြာကြာ တောင့်ခံသွားနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ သူကတော့ နောက်ဆုံးအချိန်ထိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား  တိုက်ခိုက်မှုတွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပုံရတဲ့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကတော့ ဆိုးရွားသထက် ဆိုးရွားလာဖို့ ရှိနေပါတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ထိပ်ပိုင်းစစ်တပ်အရာရှိကြီးတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်လာတာဟာ စစ်တပ်အတွင်း  စစ်ရှုံးခေါင်းဆောင်အပေါ် မကျေနပ်ချက်တွေ ကြီးထွားလာမှုကို ညွှန်ပြနေတာလို့  ICG က ဆိုပါတယ်။ 

စစ်တပ်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်လာခဲ့ရင်လည်း အတိုက်အခံတွေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးသွားနိုင်မယ့် အခွင့်အလမ်းတွေ လမ်းပွင့်လာဖို့ထက် စစ်ရေးတင်းမာမှုတွေပဲ ပိုမို မြင့်တက်လာနိုင်ဖွယ် ရှိနေပါတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးအတွက် ဟန့်တား‌မှုတွေ လုပ်လာနိုင်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့မယ် ဆိုရင်လည်း စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးအတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ထွက်ပေါ်လာနိုင်စရာ မရှိဘူးလို့ အစီရင်ခံစာထဲမှာ သုံးသပ် ဖော်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဟာ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ အောင်မြင်မှုတွေ တသီကြီး ရရှိခဲ့ပါတယ်။

အလားတူ နိုင်ငံရဲ့ အနောက်ပိုင်းမှာလည်း အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်တွေကို ရခိုင်ပြည်နယ်ကနေ အပြီးတိုင် မောင်းထုတ်နိုင်ဖို့အတွက် ကြိုးပမ်းနေပြီး ရခိုင်ပြည်နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်။

လာမယ့် ရက်သတ္တပတ်တွေနဲ့ လတွေအတွင်းမှာ AA အနေနဲ့ မောင်တောနဲ့ တောင်ကုတ်မြို့တွေ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ နယ်မြေတွေကို ပိုမို သိမ်းပိုက်ရရှိနိုင်ပြီး  ပြည်နယ်မြို့တော် စစ်တွေအပြင် အမ်းနဲ့ ကျောက်ဖြူမှာရှိတဲ့ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ စစ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ တိုးမြင့် လုပ်ဆောင်လာနိုင်ဖွယ် ရှိတယ်လို့ အစီရင်ခံစာထဲမှာ ခန့်မှန်း သုံးသပ်ထားပါတယ်။

စစ်ကောင်စီကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနိုင်ဖွယ်ရှိသလို စစ်တွေဝန်းကျင်မှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်စွာသူများ ယာယီခိုလှုံရာ IDP စခန်းတွေမှ ရိုဟင်ဂျာတွေကို စစ်တပ်က တပ်သားသစ် စုဆောင်းတာတွေ တိုးမြှင့် လုပ်လာနိုင်ပါတယ်။

ဒါ့အပြင် AA အနေနဲ့ ၂၀၂၄ ခုနှစ်ကစပြီး စစ်တပ်နဲ့အတူ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA လို ရိုဟင်ဂျာလက်နက်ကိုင် သောင်းကြမ်းသူတွေနဲ့လည်း တိုက်ပွဲဖြစ်ပွားမှုတွေ ကြီးထွားလာနိုင်သလို ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းတွေအကြား လူမျိုးရေးတင်းမာမှုတွေလည်း ကြီးထွားလာနိုင်ပါတယ်။

တိုက်ပွဲတွေရဲ့ အကျိုးဆက်ကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထိခိုက်စေနိုင်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ပိုမိုများပြားလာနိုင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံမှုတွေလည်း ပိုမို များပြားလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အခုအခါမှာ အာရက္ခတပ်တော် (AA) ဟာ အိမ်နီးချင်း ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်း တချို့အပါအဝင် ရခိုင်ပြည်နယ်ရဲ့ နေရာအများစုကို သိမ်းပိုက်ထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်ရှိ နေရာအများစုကိုပါ ထိန်းချုပ်ထားကာ အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်း စစ်ဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်လာနိုင်သလို AA အတွက်လည်း စစ်ရေးအပြင် နိုင်ငံရေးအတွက်ပါ အရေးပါတဲ့ မဟာဗျူဟာမြောက် အောင်မြင်မှုတခု ဖြစ်လာနိုင်တယ်လို့ ICG ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် သောမတ်စ်ကီအန်က သုံးသပ်ပြောပါတယ်။

“AA ဟာ အမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနချုပ်ကို မကြာခင်မှာ သိမ်းပိုက်နိုင်တော့မယ့် အနေအထားမှာ ရှိနေပေမဲ့ ပြည်နယ်တခုလုံးကို မသိမ်းပိုက်နိုင်သေးသရွေ့ ထိန်းချုပ်နယ်မြေတွေကို စီမံအုပ်ချုပ်ရာမှာ တုန်လှုပ်ဖွယ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ စစ်ကောင်စီရဲ့ အဘက်ဘက်က  ပိတ်ဆို့ဖြတ်တောက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားကနေ ရခိုင်ပြည်နယ်ကို စီးပွား‌ရေးအရ အလားအလာရှိတဲ့ ပြည်နယ်တခုဖြစ်အောင် တည်ဆောက်သွားဖို့၊ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့၊ ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုနဲ့ လူမှုဆက်ဆံရေး ပြည်လည်တည်ဆောက်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို စီမံနိုင်ဖို့ စတဲ့ အချက်တွေကို လုပ်ဆောင်နိုင်ဖို့ဆိုရင် AA အနေနဲ့ အခုချိန်မှာ အုပ်ချုပ်ရေးယန္တရားကိုပါ မြှင့်တင်သွားဖို့ လိုပါတယ်။ ရခိုင်ပြည်သူတွေဟာ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို အလူးအလဲ ခံစားနေရပြီး လာမယ့်လတွေမှာ အခြေအနေတွေဟာ ပိုမို ဆိုးရွားလာနိုင်ဖွယ်ရှိတယ်။”

စစ်ကောင်စီတပ်တွေဟာ အခုလကနေ အစပြုတဲ့ ပွင့်လင်းရာသီအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့အပေါ် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်လာနိုင်ပြီး ကရင်နဲ့ ကရင်နီပြည်နယ်တို့ အပါအဝင် နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း ထိုးစစ်ဆင်မှုတွေ အရှိန်အဟုန်မြှင့် လုပ်လာနိုင်ပါတယ်။

တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း စစ်ကောင်စီ လက်အောက်ခံတပ်တွေကို အာရုံလွှဲနိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် ထောက်ပံ့မှုတွေ တိုးမြှင့်လာနိုင်ပြီး တရုတ်နိုင်ငံကလည်း သူ့နယ်စပ်မှာ ပဋိပက္ခ ဖြစ်ပွားမှုကို လျှော့ချနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲသွားဖို့ သက်ဆိုင်ရာ အဖွဲ့အားလုံးကို ဖိအားပေးမှုတွေ လုပ်လာနိုင်တယ်လို့ ICG ရဲ့ အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ   ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ပူးပေါင်းတပ်တွေက ရှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးနဲ့ ချင်းရွှေဟော်မြို့တွေကို တပြိုင်တည်း စတင်တိုက်ခဲ့တာပါ။ 

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊  စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက အရေးပါတဲ့ မြို့တွေအတော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024