Home
နိုင်ငံတကာ
အီကွေဒေါရုပ်မြင်သံကြားဌာန စီးနင်းခဲ့သူ ၂ ဦးကို စပိန်နိုင်ငံတွင် ဖမ်းမိ
DVB
·
October 24, 2024
Photo-Reuters

အခုနှစ်အစောပိုင်းက အီကွေဒေါနိုင်ငံရှိ ရုပ်မြင်သံကြားဌာနတခုကို ဝင်ရောက်စီးနင်းမှုမှာ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံထားရတဲ့ ရာဇဝတ်ခေါင်းဆောင် ၂ ယောက်ကို စပိန်နိုင်ငံက စစ်ဆင်ရေးအပြီးမှာ ဖမ်းမိထားကြောင်း အီကွေဒေါရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ဘာစီလိုနာမြို့အနောက်ဘက် ၃၇ မိုင်အကွာရှိ ကတ်တလိုနီယံ မြို့ငယ်လေး ဆီဂူးဒယ် ကာလာဖဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ ၂ ယောက်စလုံးဟာ စာရွက်စာတမ်း အတုတွေကို သုံးပြီး စပိန်နိုင်ငံမှာ ပုန်းအောင်းနေထိုင်နေကြတာလို့ စပိန် အရပ်ဘက်အစောင့်တပ်ကလည်း ပြောပါတယ်။

ဒီစစ်ဆင်ရေးကို စပိန်အရပ်ဘက်အစောင့်တပ်ဖွဲ့ရဲ့ သတင်းအချက်အလက် ပံ့ပိုးမှုနဲ့အတူ ပြန်ပေးဆွဲမှု တိုက်ဖျက်ရေး အမျိုးသားယူနစ် UNASE က ကြားဝင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလူတွေဟာ ပိုက်ဆံတွေအပြည့်နဲ့ တန်ဖိုးကြီးကားတွေလည်း ပိုင်ဆိုင်ထားပြီး စပိန်မှာ မင်းသားတွေလို ဇိမ်ကျကျ နေထိုင်နေကြကြောင်းနဲ့ အဲဒါကို ခွင့်မပြုနိုင်ဘူးလို့လည်း အီကွေဒေါရဲတပ်ဖွဲ့မှ ဒုတပ်မှူး ဗိုလ်ချုပ် ဖောင်စ်တိုး ဘွေနာနိုက ပြောပါတယ်။

လော့စ် တီဂယ်ရွန်းစ် ဂိုဏ်းခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ ကွန်မန်ဒါ ဝီလီနဲ့ ဒုဂိုဏ်းခေါင်းဆောင်လို့ ယူဆထားတဲ့ သူ့ညီအစ်ကို အဲလက်ခ်စ် တို့ကို စပိန် အရပ်ဘက် အစောင့်တပ်နဲ့ ပူးပေါင်းစစ်ဆင်ရေးတခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်းလည်း ဆိုပါတယ်။

“နိုင်ငံရပ်ခြားမှာ ရှိနေကြတဲ့ ရာဇဝတ်ခေါင်းဆောင်တွေ အားလုံးအတွက် ခိုင်မာတဲ့ သတင်းစကား ပေးချင်ပြီး အမျိုးသားရဲတပ်ဖွဲ့ဟာ အီကွေဒေါလူမျိုးတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းအသီးသီးက ခေါင်းဆောင်တွေကို ရှာဖွေဖို့အတွက် ညီအစ်မနိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အီကွေဒေါရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်လို့လည်း အီကွေဒေါရဲတပ်ဖွဲ့က ဒုတပ်မှူး ဗိုလ်ချုပ် ဖောင်စ်တိုး ဘွေနာနိုက ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ ကားဗုံးဖောက်ခွဲမှု၊ ကြေးစားလူသတ်မှု၊ ငွေညှစ်မှုနဲ့ အခုနှစ် ဇန်နဝါရီလမှာ အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂွါယာကေးလ်ရှိ TC ရုပ်မြင်သံကြားဌာန စတူဒီယိုမှာ တိုက်ရိုက်ထုတ်လွှင့်နေချိန် ဝင်ရောက်စီးနင်းမှုတို့ကို ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ မိနစ် ၂၀ လောက် တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ စီးနင်းမှုအတွင်း ကြည့်ရှုသူတွေဟာ သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ဒိုင်းနမိုက်တွေကို ကိုင်ဆောင်ထားကြတဲ့ မျက်နှာဖုံးစွပ် သေနတ်သမား ၁၃ ယောက်တို့ဟာ ဝန်ထမ်းတွေကို ကြမ်းပြင်ပေါ်မှာ စုပြုံထားပြီး ခြိမ်းခြောက်ငေါက်ငမ်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက ဝန်ထမ်းတွေကို ကယ်တင်ခဲ့ပြီး အဲဒီလူတွေကို ဖမ်းဆီးခဲ့ပါတယ်။

သူတို့ရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ အီကွေဒေါအစိုးရရှေ့နေတယောက်ကို သတ်ဖြတ်မှုမှာလည်း အဲဒီညီအစ်ကိုတွေကို စွပ်စွဲထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013