Home
နိုင်ငံတကာ
စပိန်တွင် အိမ်ငှားခများ လျှော့ချရန် ပြည်သူထောင်ချီ ဆန္ဒပြတောင်းဆို
DVB
·
October 14, 2024
Photo - REUTERS/Isabel Infantes

အိမ်ခြံမြေစျေးကွက်ထဲက ဈေးကို လက်လှမ်းမမီဘူးလို့ ခံစားနေရတဲ့ စပိန်နိုင်ငံသားတွေရဲ့ ဒေါသတွေ မြင့်တက်နေချိန်မှာ တန်ဖိုးသင့်အိမ်ရာတွေကို ပိုတောင်းဆိုဖို့ စပိန်မြို့တော် မက်ဒရစ်မှာ ထောင်နဲ့ချီတဲ့လူတွေ အောက်တိုဘာ ၁၃ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

အိမ်ခြံမြေက လူ့အခွင့်အရေးတရပ်ဖြစ်ပြီး စီးပွားရေးတရပ် မဟုတ်ဘူးဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဒေသခံတွေဟာ စပိန်မြို့တော်မှာ ချီတက်ရင်း အိမ်ငှားခ လျှော့ချဖို့နဲ့ လူနေမှုအဆင့်အတန်း ပိုကောင်းစေဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူပေါင်း ၁၂,၀၀၀ ကျော် လမ်းပေါ်ထွက်ခဲ့တယ်လို့ စပိန်အစိုးရက ပြောပြီး ချီတက်ပွဲမှာ လူပေါင်း ၁၅၀,၀၀၀ ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူတွေက ပြောပါတယ်။

“စပိန်သားတွေဟာ သူတို့ရဲ့မြို့တွေမှာ မနေနိုင်ကြတော့ဘူး။ သူတို့က မြို့တွေကနေ ကျနော်တို့ကို မောင်းထုတ်နေတယ်။ အစိုးရက ဈေးနှုန်းတွေကို ထိန်းညှိပြီး အိမ်ရာလုပ်ငန်းတွေကို ထိန်းကျောင်းရမယ်” လို့ အသက် ၃၃ နှစ်အရွယ် သူနာပြု ဘလန်ကာ ပရီယက်တိုက ပြောပါတယ်။

ဇူလိုင်လမှာ စပိန်အစိုးရက ရေတိုနဲ့ ရာသီချိန် အားလပ်ရက် ငှားရမ်းခွင့်တွေကို ဖြိုခွဲကြောင်း ကြေညာခဲ့တာပါ။

လိုင်စင်ရှိမရှိ စစ်ဆေးဖို့ Airbnb နဲ့ Booking.com တို့လို ပလက်ဖောင်းတွေက စာရင်းတွေကို စုံစမ်းစစ်ဆေးဖို့လည်း စီစဉ်ထားပါတယ်။

စပိန်နိုင်ငံဟာ သူ့စီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရေး ဟန်ချက်ညီစေဖို့ ရုန်းကန်နေရပါတယ်။

အိမ်ခြံမြေတွေကို အဆင့်မြင့် မွမ်းမံပြင်ဆင်ပြီး ပိုအကျိုးအမြတ်များတဲ့ ကမ္ဘာလှည့်ခရီးသွား ငှားရမ်းမှုတွေဘက်ကို အိမ်ခြံမြေလုပ်ငန်းရှင်တွေက အာရုံပြောင်းလာလို့ ငှားရမ်းခတွေ မငှားနိုင်လောက်အောင် မြင့်တက်လာတဲ့အတွက် နိုင်ငံသားတွေ စိုးရိမ်ပူပန်နေတာကို ဖြေရှင်းဖို့ကိုလည်း စပိန်အစိုးရက ရုန်းကန်နေရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013