Home
နိုင်ငံတကာ
ဂါနာနိုင်ငံ၌ လိုင်စင်မဲ့ ရွှေတူးဖော်မှုကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုအပေါ်  ဆန္ဒပြ
DVB
·
October 13, 2024
Photo - REUTERS/Francis Kokoroko

ဂါနာနိုင်ငံရဲ့ မြို့တော်အက်ကရာမှာ သောကြာနေ့က လူရာပေါင်းများစွာဟာ လိုင်စင်မဲ့ ရွှေတူးဖော်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြကာ အန္တရာယ်ရှိပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အလေ့အကျင့်ကို အရေးယူပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာ့ရွှေဈေး ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီးနောက် အခုနှစ်မှာ ဂါနာနိုင်ငံက ဂလမ်ဆေးလို့ သိကြတဲ့ တရားမဝင် အသေးစား ရွှေတူးဖော်မှုလည်း များပြားလာပါတယ်။

ချီတက် လမ်းလျှောက် ဆန္ဒပြပွဲမှာ ရာနဲ့ချီပြီး ပါဝင်ခဲ့ကြပြီးတော့ တရားမ၀င် သတ္တုတူးဖော်မှု တားမြစ်ရေး အသနားခံစာ တစောင်ကို သမ္မတရုံးကို ပေးပို့တာလည်း ပါဝင်ပါတယ်။ 

ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရေညစ်ညမ်းမှုတွေ ဖြစ်လာခဲ့ပြီးနောက်မှာ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးထိခိုက်မှုတွေ အပါအဝင် သစ်တောတွေနဲ့ ကိုကိုးစိုက်ပျိုးရေးခြံတွေလည်း ပျက်စီးရကာ စိုက်ပျိုးသီးနှံတွေလည်း အထွက်နှုန်း ညံ့ဖျင်းကုန်ပြီ လို့ ဆန္ဒပြ ဂါနာပြည်သူတွေက ပြောပါတယ်။

ရေညစ်ညမ်းမှုကြောင့် ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ အများအပြား ခံစားနေရတဲ့ လူနာတွေ တိုးလာနေကြောင်းနဲ့ ရောဂါအပြင် ဆေးကုသစရိတ်တွေအတွက် အကုန်အကျခံနေရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လက်ရှိ သမ္မတနဲ့ နောက်လာမယ့် သမ္မတတွေ အနေနဲ့ ဂလမ်ဆေး တရားမဝင် ရွှေတူးဖော်မှုကိစ္စကို ဦးစားပေး ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း ပြောဆိုပါတယ်။

သတ္တုတူးဖော်ရေးအတွက် မိုင်းခွဲတော့မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေဘဲ လုပ်ဖို့ အာမခံပေးသင့်တယ် လို့လည်း ဆိုပါတယ်။ 

အသေးစား မိုင်းတွင်းတွေဟာ အခုနှစ်ရဲ့ ပထမ ၇ လအတွင်း ရွှေ အောင်စ ၁.၂ သန်း ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးထက် ပိုမိုများပြားခဲ့ကြောင်း ဂါနာ သတ္တုတွင်းကဏ္ဍ ထိန်းညှိရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဂါနာနိုင်ငံဟာ ဒီဇင်ဘာ ၇ ရက် အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြရေးအတွက် လုပ်ဆောင်နေတာကြောင့် ဂလမ်ဆေး ကိစ္စဟာ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013