ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်အစပ်မှာရှိတဲ့ ကန့်နီကျေးရွာကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီ၀န်းကျင်မှာ စစ်တပ်က ၀င်ရောက်မီးရှို့ခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
ဒေသခံရွာသား တယောက်က “မနက်ပိုင်း ရွာထဲက စစ်တပ် စစ်ကြောင်းထွက်သွားတာ။ ညနေပိုင်းမှာ နောက်ထပ်စစ်ကြောင်း ၀င်လာပြီး ရွာကို မီးနဲ့ရှို့တာ။ စစ်ကြောင်းထပ်၀င်တော့ ရွာက လူတွေလည်း အကုန်ပြေးကြတာ။ ရွာထဲကျန်နေခဲ့တဲ့သူတွေနဲ့ အဆက်အသွယ်မရသေးဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်မှာ ကန့်နီရွာက ထွက်သွားတဲ့ စစ်ကြောင်းမှာ အင်အား ၃၀ နီးပါး ရှိပေမဲ့ ညနေပိုင်း ပြန်ဝင်လာတဲ့ စစ်ကြောင်းမှာတော့ အင်အား ၆၀ ကျော်ပါ၀င်တယ်လို့ ဆိုပါတယ်။
သာယာ၀တီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာ၀န်ရှိသူ တယောက်က “ဒီဘက်နယ်ထဲမှာ သူတို့ စစ်ကြောင်းတွေ အထိနာလို့ အခဲမကျေဘဲ ရွာတွေကို လိုက်ပြီး မီးရှို့တာ ဖြစ်နိုင်တယ်။ သူတို့က ဂမုန်းဆည်တ၀ိုက်မှာလည်း မိုင်းတွေ ထောင်ထားခဲ့တယ်လို့လည်း သိရတယ်”လို့ ပြောပါတယ်။
အောက်တိုဘာ ၃ ရက်က ဂမုန်းဆည်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်သား ၁၂ ဦးထက် မနည်း သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဆီက သိရပါတယ်။