Home
မြန်မာသတင်း
မြို့ပတ်ရထားခ ကျပ် ၈၀၀ အထိ တိုးမြှင့်လိုက်သဖြင့် ခရီးသွားပြည်သူများ အခက်ကြုံ
DVB
·
October 23, 2024

စပိန်ရထားတွဲအသစ်တွေကို မြို့ပတ်ရထားအဖြစ် အောက်တိုဘာလအကုန်မှာ စတင်ပြေးဆွဲပေးမှာဖြစ်ပြီး  ခရီးစဉ်တကြောင်းကို ကျပ် ၈၀၀ သတ်မှတ်ထားလို့ အခြေခံလူတန်းစား ခရီးသွားပြည်သူတွေ အခက်ကြုံနေရပါတယ်။

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားတွေကို ပုံမှန် ကျပ် ၂၀၀  နှုန်းနဲ့ ပြေးဆွဲပေးနေပြီး လာမယ့် အောက်တိုဘာလကုန်မှာတော့ စပိန်ရထားတွဲအသစ်တွေကို တိုးချဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

စပိန်ရထားတွဲ အသစ်တွေနဲ့ ရထားတဆိုင်းကို ၆ တွဲ ပြေးဆွဲပေးနေပြီး မြို့ပတ်ရထားအနေနဲ့ အသွားတကြောင်းကို ကျပ် ၈၀၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

ပုံမှန်မြို့ပတ်ရထားခ ကျပ် ၂၀၀ ကနေ ကျပ် ၈၀၀  လေးဆလောက် မြင့်တက်သွားတဲ့အတွက် နေ့စဉ် လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေကတော့ မြို့ပတ်ရထားကို စီးနိုင်တော့မှာ မဟုတ်ကြောင်း ခရီးသည်တယောက်က ပြောပါတယ်။

“ရထားတွဲ အဟောင်းတုန်းကတော့ အသွား ၂၀၀၊ အပြန် ၂၀၀ ဆိုတော့ အဆင်ပြေတယ်ပေါ့။ အခုက ၈၀၀ ဆိုတော့ အသွား ၈၀၀ အပြန် ၈၀၀ ဆို ကျပ် ၁,၆၀၀ ဖြစ်နေပြီဆိုတော့ ကျနော်တို့အတွက်ကတော့ တော်တော်အဆင်မပြေဘူး။ ရန်ကုန်ဘူတာကြီးရောက်ရင်လည်း နောက်တဆင့်စီးရတဲ့ ကားခတွေကလည်း ရှိသေးတယ်။ ကားတောင် ဒီကနေ မြို့ထဲထိတောင် ၈၀၀ ဆိုတော့ ရထားက အသွားတကြောင်းတည်းတင် ၈၀၀ ဆိုတာကတော့ အဆင်မပြေဘူးပေါ့။ အခု မြို့ပတ်ရထားက မဆွဲသေးဘူး၊ ပဲခူးရထားပဲ ဆွဲသေးတာ၊ ပဲခူးအထိကတော့ ၂,၅၀၀ တဲ့။ ကျောက်တန်းတို့ ထုံးကြီးတို့ထိကတော့ အစားစားပဲ၊ ၁,၈၀၀ ၂,၀၀၀ ဆိုပြီး ရှိပါတယ်။ အဓိက ပဲခူးရထားကတော့ ဈေးသည်တွေလာတယ်၊ ကုန်ပစ္စည်းတွေတင်တာ အဓိကအားထားပြီး ဆွဲတာပေါ့။ အဲတာကို သူက ကုန်ပစ္စည်း အတင်မခံဘူး ပြောတော့ ပဲခူးရထားစီးတဲ့ ဈေးသည်တွေက တော်တော်အခက်အခဲတွေ့ပြီး ကားတွေနဲ့ပဲ ရန်ကုန်ကိုလာပြီး အဆင့်ဆင့်စီးလာပြီး ခက်ခက်ခဲခဲ လာကြတာကိုလည်း တွေ့ရတယ်။”

ဒါ့အပြင် အောက်တိုဘာ ၂၀ ရက်ကစပြီး မြို့ပတ်ရထားဈေးနှုန်းတွေ တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ကျပ် ၂၀၀ သတ်မှတ်ထားတဲ့ ရထားလက်မှတ်ခကို ၁၅ မိုင်အတွင်း ကျပ် ၄၀၀ တိုးမြှင့်လိုက်ပြီး မြို့တပတ်လုံးကိုတော့ ကျပ် ၄၀၀ သတ်မှတ်ထားရတာကနေ ကျပ်  ၈၀၀ ကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ရထားဈေးနှုန်းတွေ မြင့်တက်လိုက်ရတာဟာ ဒီဇယ်ဈေးတွေ တက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့မီးရထားဘက်က ထုတ်ပြန် ပြောဆိုထားပါတယ်။ အခုလို ရထားဈေးနှုန်းတွေ ခုန်တက်မယ်ဆိုရင် အလုပ်မဖြစ်ဘဲ အရှုံးပေါ်နိုင်တယ်လို့ စက်ခေါင်းမောင်း မီးရထား CDM တယောက်က ပြောပါတယ်။

“ကျနော်တို့ သိရသလောက်က စပိန်ကနေ တွဲ ၂၀၀၊ ဂျပန်ကနေ တွဲ ၂၀၀၊ တွဲ ၄၀၀ စီမံကိန်းရှိတာကို သိထားတယ်။ သူတို့စီမံကိန်းက ၂၀၂၀ ကနေ ၂၀၂၄ ထိ ၄ နှစ်စီမံကိန်း ရန်ကုန်ကနေ မန္တလေးအထိပေါ့နော်၊ ဥပမာပြောရရင် မြို့ပတ်ရထားဆိုတာ အပြင်က ကားခထက်ကို ဈေးသက်သာတာလေ။ ကျနော့်အမြင်တခုတည်းနဲ့ပြောရရင် သိပ် အလုပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ အရှုံးပေါ်နိုင်တယ်ပေါ့။ ကျနော့်အမြင်ပြောတာပါ။ သူတို့က အသစ်နဲ့ အဟောင်းတွေ ရောဆွဲမှာပဲ၊ အဟောင်းတွေလည်း ဖြုတ်ချလို့မှ မရတာ။ ဈေးကတော့ တက်မှာပဲ၊ အစစ အရာရာ အကုန်တက်တာဆိုတော့၊  ဒါပေမဲ့ အခုလို မတရား ခုန်တက်လို့တော့ ဟိုး ဦးသန်းရွှေလက်ထက်က ရထားတွေ ဈေးနှုန်း ၃ ဆခုန်တက်သွားလို့  ရထားကို လူမစီးဘူးဖြစ်သွားသေးတယ်။”

ဂျပန်နိုင်ငံက JICA ရဲ့ နှစ်ရှည်အတိုးမဲ့ချေးငွေ အကူအညီအပြင် နည်းပညာအကူအညီတွေနဲ့ ရထားလမ်း အဆင့်မြှင့်တင်တာ၊ ရထားတွဲသစ်တွေနဲ့ ပြေးဆွဲတာကို ၂၀၂၂ မှာ ရန်ကုန်-တောင်ငူ၊ ၂၀၂၄ အကုန်မှာ ရန်ကုန်ကနေ မန္တလေးအထိ ပြေးဆွဲနိုင်ဖို့ လျာထားတာ ဖြစ်ပါတယ်။

အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ၄ နှစ်စီမံကိန်းနဲ့ ဂျပန်ရထားတွဲ RBE နဲ့ စပိန်ရထားတွဲ EMDU စုစုပေါင်း အတွဲ ၄၀၀ ကနဦးမှာယူထားတာဖြစ်ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်ထဲမှာ အစင်း ၃၀ စာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီထဲက စပိန်ရထား ၁၁ စင်းကို မြို့ပတ်ရထားအဖြစ် ပြေးဆွဲပေးသွားမှာလည်း ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013