Home
မြန်မာသတင်း
ရန်ကုန်ရွှေအသင်းက ရွှေရည်ညွှန်းဈေးကို ၂ ပတ်အတွင်း ၁ သိန်းနီးပါး တိုးမြှင့်သတ်မှတ်
DVB
·
September 14, 2024

ရန်ကုန် ရွှေအသင်းက ရွှေရည်ညွှန်းဈေးကို နှစ်ပတ်အတွင်း ၁ သိန်းနီးပါး  ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ပြန်ပါတယ်။

ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးကျနေပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ  ရွှေဈေးတက်နေတာကြောင့်  အခုလိုတိုးမြှင့် သတ်မှတ်လိုက်တာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် တယောက်က မှတ်ချက်ပြုပါတယ်။

“အဓိက ကမ္ဘာ့ရွှေဈေးတက်လို့ အသင်းက လိုက်တက်တာပါ။ YGEA (ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်း)က ရွှေဈေးတိုး သတ်မှတ်တာက ဈေးကွက်အပေါ် သက်ရောက်သလားဆိုတော့ ဘာမှ မသက်ရောက်ပါဘူး။ ရွှေအရောင်းအဝယ်ကတော့ အရင်အတိုင်းပဲ ဆက်အေးနေပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးက စံချိန်တင်အမြင့်ပိုင်းမှာရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ၁ ထရိုင် အောင်စကို ၂,၄၈၆ ဒေါ်လာဈေးပေါက်ရာကနေ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ၂,၅၆၅ ဒေါ်လာထိ မြင့်တက်နေပါတယ်။

ပြင်ပရွှေဈေးကတော့ စစ်ကောင်စီ ဗဟိုဘဏ်က ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာတွေ သန်းရာချီ ‌ထုတ်ရောင်းပေးပြီးတဲ့နောက်  ရွှေတကျပ်သားကို ကျပ် ၈၅ သိန်းထိ ရောက်ခဲ့ပြီလက်ရှိမှာ ဒေါ်လာဈေး အကျနဲ့အတူ တကျပ်သားကို ကျပ် ၆၈ သိန်းခွဲ ဝန်းကျင်ထိ ပြန်ကျဆင်းနေပါတယ်။

ဒါပေမယ့် ရန်ကုန်ရွှေအသင်းကတော့ ‌စက်တင်ဘာ ၁၃ ရက်အတွက် ရည်ညွှန်းဈေးကို  ကျပ် ၅၁ သိန်း ၂ သောင်းဝန်းကျင်အထိ တိုးမြှင့်သတ်မှတ်လိုက်တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ရန်ကုန်ရွှေအသင်းရဲ့သတ်မှတ်ဈေးဟာ ကျပ် သိန်း ၅၀ နဲ့ ၂ သောင်း ဝန်းကျင်မှာပဲ ရှိခဲ့တာဖြစ်ပြီး ၂ ပတ်အတွင်း ကျပ် ၁ သိန်းနီးပါး တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပေမဲ့ ပြင်ပပေါက်ဈေးနဲ့ကတော့ ကျပ် ၁၈ သိန်းဝန်းကျင် ဈေးကွာဟနေပါသေးတယ်။

မြန်မာပြည်တွင်း ရွှေအတုံး၊ အခဲ ဈေးကွက် အခြေအနေကတော့ တရားဝင်ထက် မှောင်ခိုဈေးကွက်မှာပဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်မြို့က ရွှေဆိုင်တွေမှာတော့  လက်ဝတ်ထည်တွေကိုပဲ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြင်ပဒေါ်လာဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၅,၃၀၀ ကို ပြန်ကျဆင်းနေပြီး မနေ့က စက်တင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီဩဇာခံဗဟိုဘဏ်က စက်သုံးဆီနဲ့ စားသုံးဆီ တင်သွင်းသူတွေအတွက် အမေရိကန် ဒေါ်လာ ၁၇ သန်း ထုတ်ရောင်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013