Home
မြန်မာသတင်း
စားအုန်းဆီ ရည်ညွှန်းဈေး ၂ လအတွင်း ၁၈ ရာခိုင်နှုန်း မြင့်တက်
DVB
·
August 27, 2024
စားအုန်းဆီ ရရှိဖို့ စောင့်ဆိုင်းနေသူအချို့
Palm-oil

စားအုန်းဆီ ရည်ညွှန်းဈေး ၂ လအတွင်း ကျပ် ၁,၀၀၀ ဝန်းကျင်၊ ရာခိုင်နှုန်းအနေနဲ့ ၁၈ ရာခိုင်နှုန်း ထပ်မံမြင့်တက်လာပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အခုသီတင်းပတ်အတွက် ဈေးကွက်အတွင်းရောင်းချရမယ့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးရာမှာ  တပိဿာကို ၆၃၇၅ ကျပ်အထိ မြင့်တက်လာပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက စားအုန်းဆီ တပိဿာရည်ညွှန်း‌ဈေးဟာ ကျပ်  ၅,၄၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပါတယ်။

၂ လအတွင်းမှာ ကော်မတီရဲ့  လက်ကားရည်ညွှန်းဈေးက တပိဿာကို ကျပ် ၁,၀၀၀ ဝန်းကျင် ထပ်တက်လာပြီး လက်လီဈေးက ကျပ် ၁၅,၀၀၀ ကနေ ၁၆၅,၀၀၀ ကြား  ရန်ကုန်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါတယ်။

စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူ‌တွေအနေနဲ့ အပတ်စဉ် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ သယ်ယူစရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချကြဖို့၊ စျေးနှုန်းမြှင့်တင်ရောင်းချတာ၊ စျေးကစားဖို့ ရည်ရွယ်ချက်နဲ့  သိုလှောင်တာ၊  ရောနှောရောင်းချတာတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပေမဲ့  ပြင်ပဈေးကွက်မှာ အခုလို ကျပ် ၁၆,၀၀၀ ကျော်ထိ ဈေးမြင့်တက်နေတာပါ။

ကော်မတီရဲ့ သတ်မှတ်ဈေးနှုန်းဟာ  ပြင်ပဈေးကွက် လက်လီပေါက်ဈေးထက် ပုံမှန် ၂ ဆကျော်ကွာဟချက် ရှိနေပြီ စားအုန်းဆီက ဈေးကွက်ထဲမှာ ဝယ်ယူရခက်ခဲနေတုန်းပဲလို့ စားသုံးသူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “ခုထိတော့ စားဆီ ဝယ်လို့မရဘူး။ အုပ်ချုပ်ရေးမှူးရုံးတွေကလည်း အရင်လို ဆီဝယ်ကတ်တွေ မပေးတော့ဘူး။ စားဆီတင် မဟုတ်ပါဘူး၊ တခြားဆီတွေလည်း ဆိုင်တွေမှာ မတွေ့ဘူး။ ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ရှာဝယ်ရတယ်၊ ဆိုင်တိုင်းမရှိဘူး” လို့  ပြောပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ နယ်မြေမတည်ငြိမ်မူတွေကြောင့် သယ်ယူပို့ဆောင်ရေး ခက်ခဲတာ စတဲ့အချက်တွေကြောင့်  ပြည်ပကနေ မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နေ့စဉ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲ မြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီတွေကလည်း ဝယ်လိုအားနဲ့အတူ ‌ဈေး လိုက်ပါ မြင့်တက်နေတယ်လို့ ပြည်တွင်း စားသုံးဆီ ဈေးကွက်အတွင်းက သိရပါတယ်။

ပြည်တွင်းစားသုံးဆီသုံးစွဲမှုက တနှစ်ကို တန်ချိန် ၁၂ သိန်းခန့်ထိရှိပါတယ်။ ဒါကြောင့်  ပြည်တွင်း လိုအပ်ချက်အရ ပြည်ပကနေ နှစ်စဉ် စားအုန်းဆီအပါအဝင်  ပဲပုတ်ဆီ၊ နေကြာဆီ၊ ပဲဆီ အစရှိတဲ့ ဆီတွေကို တင်သွင်းလျက်ရှိရာမှာ စားအုန်းဆီက ပမာဏအများဆုံးဖြစ်ပါတယ်။ ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုက နှစ်စဉ် ပျဉ်းမျှ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းအထိ ရှိတယ်လို့ သိရပါတယ်။

ဒေါ်လာအကြပ်ရိုက်နေတဲ့ စစ်ကောင်စီကတော့  နိုင်ငံခြားငွေလိုအပ်ချက် လျော့နည်းအောင် ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ဖို့စီမံနေပြီး ပြည်တွင်း စားအုန်းဆီဈေး ထိုးတက်နေတာကိုတော့ လုပ်ငန်းရှင်တွေရဲ့ ဝိသမလောဘကြောင့်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဒါ့အပြင် ဓာမြေဩဇာနဲ့ လောင်စာဆီဈေးတွေ ကြီးမြင့်နေချိန်မှာ စစ်အုပ်စု ခေါင်းဆောင်က ဆီထွက်သီးနှံတွေကို ဒေသအလိုက် တိုးမြှင့်စိုက်ပျိုးဖို့ တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013