Home
မြန်မာသတင်း
ပို့ကုန်ရငွေ လဲလှယ်ရမည့် ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် ထပ်မံဖြေလျှော့
DVB
·
August 8, 2024

လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ပို့ကုန်တင်ပို့မှုကနေ ရတဲ့ဝင်ငွေ စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းကို တဒေါ်လာ ၂,၁၀၀ နှုန်းနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းနေရာကနေ အခုအခါမှာ ၂၅ ရာခိုင်နှုန်းပဲ မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၇၅ ရာခိုင်နှုန်းအထိကို ဗဟိုဘဏ် online trading စနစ်မှာ ရောင်းဝယ် အသုံးပြုနိုင်မှာဖြစ်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ဗဟိုဘဏ် သတ်မှတ်ဈေး ၂,၁၀၀ ကျပ်နဲ့ မြန်မာကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမှာ ဖြစ်ပါတယ်။

အဲဒီပို့ကုန်ရငွေ အသုံးပြုခွင့် သတ်မှတ်ချက်က ဒီနေ့ ဩဂုတ် ၈ ရက်ကစပြီး အကျုံးဝင်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရင်က ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ ဗဟိုဘဏ် သတ်မှတ်ဈေး ၂,၁၀၀ ကျပ်နဲ့ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းထိကို မဖြစ်မနေ လဲလှယ်ရပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ online trading ငွေလဲနှုန်းနဲ့ လဲလှယ်ပေးနေရတာ ဖြစ်ပါတယ်။

ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟချက်များနေတဲ့ ဗဟိုဘဏ်စျေးနဲ့ လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေတွေကို မဖြစ်မနေ လဲလှယ်နေရတဲ့ ဒီမူဝါဒသတ်မှတ်ချက်ကြောင့် exporter တွေ နစ်နာမှုရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုလည်း လျော့နည်းလာပါတယ်။

ဒါ့အပြင် အဲဒီစနစ်ကြောင့် နိုင်ငံတကာနဲ့ ဈေးကွက်ယှဉ်ပြိုင် ရောင်းချရာမှာလည်း အခက်အခဲ၊ အကျပ်အတည်းတွေ ဖြစ်ပေါ်စေတာကြောင့် ဒီစနစ်ကို ကုန်သည်လုပ်ငန်းရှင်တွေက ရာနှုန်းပြည့် ဖြေလျှော့ပေးဖို့ မျှော်လင့်နေကြတာပါ။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒီလိုဖြေလျှော့ပေးတာက ကောင်းပါတယ်။ ဒါပေမဲ့ ဒီငွေလဲနှုန်းတွေနဲ့က တွက်ခြေမကိုက်ဘူး။ ရာနှုန်းပြည့် ဖြေလျှော့ပေးမှပဲ ပုံမှန် တင်ပို့လာနိုင်မယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းက မြန်မာငွေကျပ် ၂,၁ဝဝ ဖြစ်ပြီး ဒီနေ့ ဗဟိုဘဏ်ပြင်ပစျေးကွက် ပေါက်စျေးဖြစ်တဲ့ ကျပ် ၅,၅၀၀ ကျပ်နဲ့ဆိုရင် ကျပ် ၃,၀၀၀ ကျော် ကွာဟချက် ရှိနေပါတယ်။

‌‌ဒေါ်လာလိုအပ်ချက် များနေတဲ့ စစ်ကောင်စီရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေရဲ့ ပမာဏတခုကို တဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ လဲလှယ်စေခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဩဂုတ်မှာ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်း၊ ၂၀၂၃ ဇူလိုင်မှာ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ ၃၅ ရာခိုင်နှုန်းဆိုပြီး တဖြည်းဖြည်း ပြန်လည်လျှော့ချခဲ့ပြီး အခုအခါမှာတော့ ၂၅ ရာခိုင်နှုန်းကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013