Home
မြန်မာသတင်း
စားသုံးဆီ ရည်ညွှန်းစျေး ထပ်တက်၊ ပြည်သူများအခက်ကြုံ  
DVB
·
August 28, 2024

ရန်ကုန်မှာ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်အတွင်း တပတ်တာ စားသုံးဆီဈေး ထပ်တက်လာပြီး ပြင်ပမှာပါ ဈေးကြီးပေးဝယ်နေရတဲ့အပြင် ဆီကော်မတီရဲ့ အိမ်အရောက်ပို့စနစ်က ဖုန်းဆက်လို့မရ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာနက ဒီတပတ်အတွက် အခြေခံလက်ကားစျေးကို တပိဿာ ၆၃၇၅ ကျပ် သတ်မှတ်လိုက်ပြီး ပြီးခဲ့တဲ့တပတ် ဩဂုတ်လ ၁၉ ရက်ဈေးထက် ၂၀၅ ကျပ် တက်လာခဲ့တာပါ။ 

မြောက်ဒဂုံမြို့ခံတဦးက “တဆိုင်ကို တယောက် အစိတ်သားပဲ ပေးတယ်။ တပတ်မှ တခါ။ အစိတ်သားနဲ့ မလောက်တော့ ဆီတခါတိုးရင် နှစ်ယောက် လာရတယ်။ အခု ၅၀ သားကို ၃၄၀၀။ အပြင်မှာ ဘူးအပြည့်ပါရင် ၅၀ သားကို ၇၀၀၀၊ မပါရင် ၆၅၀၀။ ဆီလာပို့တဲ့ ဖုန်းက ဆက်လို့ မရဘူး။ ဆက်လိုက်ရင်လည်း ဖုန်းလိုင်းမအားတာချည်းပဲ”လို့ ပြောပါတယ်။

ဒီစျေးဟာ ဆီကုန်သည်တွေကနေ လက်ကားဖြန့်ချိဈေးနှုန်းသာဖြစ်ပြီး ဈေးတွေ၊ ရပ်ကွက်ကုန်စုံဆိုင်တွေရဲ့ ပြင်ပပေါက်ဈေးဟာ ကျပ် ၁၄၀၀၀ နဲ့ ကျပ် ၁၅၀၀၀ အထိ ဖြစ်ပါတယ်။ 

တန်းစီစနစ်နဲ့ တပတ် တခါ အလှည့်ကျပေးတဲ့ စားသုံးဆီစျေးဟာ ဒီတပတ်မှာ တပိဿာ ကျပ် ၆၇၀၀ ဖြစ်ပြီး တပတ်ကို ဆီအစိတ်သား ( ၂၅ ကျပ်သား)သာ ဝယ်ယူခွင့်ရနေကြပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ခဲ့တဲ့ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကော်မတီရဲ့ ရန်ကုန်မြို့တွင်း စားသုံးဆီ အိမ်အရောက်ပို့စနစ်မှာ အိမ်ထောင် တစုကို ဆီ ၂ ပိဿာ ကျပ် ၁၇၀၀၀ နဲ့ ရောင်းပေးနေပေမဲ့ ကော်မတီက ပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ မရတာတွေကြောင့် ပြင်ပမှာ စျေးကြီးကြီးနဲ့ ပေးဝယ်နေကြရပါတယ်။ 

မင်္ဂလာဒုံ၊ ကုန်စုံဆိုင်ပိုင်ရှင်တဦးက “အစ်ကိုတို့ဆိုင်ကို ဆီလာချတာကို နည်းသွားတာ။ ပြီးခဲ့တဲ့ ၆ လောက်ပိုင်းလောက်အထိ တပတ်ကို အချိန်တဆယ်ပုံး ၁၅ ပုံး အနည်းဆုံးပဲ။ အခု ၇ ပုံးလောက်ပဲ။ တခါတလေ ၁၀ ပုံးလောက် ရသေးတယ်။ တယောက် ၅၀ သားကနေ ဆီလာချတာနည်းရင် အစိတ်သား(၂၅ ကျပ်)လောက်ပဲ ရောင်းနိုင်တော့တာ”လို့ ပြောပါတယ်။

ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ကာ အခြေခံတွက်ချက်တာဖြစ်ပြီး ရည်ညွှန်းဈေးသိသိသာသာ မတက်လာပေမဲ့ စားသုံးသူတွေဟာ ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးဝယ်နေကြရတာ ဖြစ်ပါတယ်။ 

လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ် ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်လာလ ၄ ရက်နေ့ကတည်းက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013