ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဟာ စက်တင်ဘာ ၂၆ ရက်မှာ ရွှေရည်ညွှန်းဈေးကို တကျပ်သား ကျပ် ၅၄ သိန်းကျော် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
စက်တင်ဘာ ၂၅ ရက်မှာတော့ ရွှေရည်ညွှန်းဈေးဟာ တကျပ်သားဟာ ၅,၃၄၀,၀၀၀ ကျော်ပဲ ရှိခဲ့တာကြောင့် တရက်အတွင်း တကျပ်သား ၆၀,၀၀၀ ကျော် တိုးမြှင့်သတ်မှတ်လာတာပါ။
စက်တင်ဘာ ၁ ရက်မှာ ရွှေအသင်းရဲ့ ရွှေရည်ညွှန်းဈေးဟာ ကျပ်သိန်း ၅၀ စွန်းစွန်းပဲ ရှိခဲ့တာကြောင့် စက်တင်ဘာတလအတွင်းမှာပဲ စုစုပေါင်း ၄ သိန်းအထိ တိုးမြှင့်သတ်မှတ်လာတာ ဖြစ်ပါတယ်။
တဖက်မှာတော့ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ တကျပ်သားဟာ ၆၈ သိန်းကျော် ဈေးပေါက်နေတာကြောင့် ရွှေအသင်းရဲ့ ရည်ညွှန်းဈေးဟာ ပြင်ပဈေးအောက် သိန်းဆယ်ဂဏန်းကျော် နည်းနေပါသေးတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာလည်း ရွှေဈေးဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး တရိပ်ရိပ်တက်နေပြီး အခုအခါမှာ ရွှေတအောင်စဟာ ၂,၆၇၈ ဒေါ်လာဝန်းကျင် ဈေးပေါက်နေပါတယ်။ စက်တင်ဘာလဆန်းပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးက ၂,၅၀၀ ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။
ဒါကြောင့် ရွှေအသင်းက ရွှေရည်ညွှန်းဈေးကို တိုးမြှင့်သတ်မှတ်လာတာဟာ ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးတက်နေတာကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာသန်းပေါင်းများစွာ ဆက်တိုက် ထုတ်ရောင်းပေးနေတာကြောင့် တဒေါ်လာ ၇,၀၀၀ အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ အခုအခါမှာ တဒေါ်လာ ၅,၀၀၀ စွန်းစွန်းအထိ ဈေးကျနေပါတယ်။