အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ကို မကြာခင်မှာပဲ ပြန်လည်ဖွင့်လှစ်ရောင်းချသွားဖို့ ရှိနေပြီး ဆုကြေးငွေကျပ်သန်း ၅၀၀ ထိ တိုးမြှင့် ထားတယ်လို့ သိရပါတယ်။
အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်း ခြောက်ကြေညာထားပါတယ်။
ခုလတ်တလောမှာတော့ နွေဦးထီ ဝက်ဘ်ဆိုက်အသစ်ကို မိတ်ဆက်မယ့် အချိန်နဲ့ နွေဦး ထီ 2.0 စတင်ဖွင့်လှစ် ရောင်းချမယ့် ရက်ကို မကြာခင် ထုတ်ပြန်သွားမှာဖြစ်ပြီး ပထမဆု ကျပ်သန်း ၅၀၀၊ ဒုတိယဆု ကျပ်သန်း ၂၀၀၊ တတိယဆု ကျပ်သန်း ၁၀၀ နဲ့ အထူးဆု ကျပ်သန်း ၅၀ အပြင် ဂုဏ်ပြုဆုမဲ ၃၄ ဆုနဲ့ ပျော်ရွှင်ဆုမဲ ၂၂,၂၀၀ ဆုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။