ကမ္ဘာ့ရွှေဈေးနဲ့အတူ ရန်ကုန် ရွှေအသင်း (YGEA) ရဲ့ ရွှေရည်ညွှန်းဈေးက တရက်အတွင်း ကျပ် ၇၀၀၀၀ ကျော် ထပ်မံမြင့်တက်လာပါတယ်။
ရန်ကုန်ရွှေအသင်းဟာ စက်တင်ဘာ ၂၃ ရက် ဒီနေ့အတွက် ရွှေရည်ညွှန်းဈေးကို တကျပ်သား ကျပ် ၅၂၉၀,၀၀၀ ဝန်းကျင် တိုးမြှင့် သတ်မှတ်လိုက်တာပါ။
မနေ့က စက်တင်ဘာ ၂၂ရက်နေ့မှာ ရန်ကုန်ရွှေအသင်းရဲ့ သတ်မှတ်ဈေးက ကျပ် သိန်း ၅၂၁၅၀၀၀ ဝန်းကျင်မှာပဲ ရှိခဲ့တာဖြစ်ပြီး တရက်အတွင်း ကျပ် ၇၀၀၀၀ ကျော် တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ပြင်ပဒေါ်လာဈေးကျနေပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ ရွှေဈေးတက်နေတာကြောင့် YGEAက အခုလိုတိုးမြှင့် သတ်မှတ်လိုက်တာဖြစ်တယ်လို့ ရွှေလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
လတ်တလောမှာ ကမ္ဘာ့ရွှေဈေးက တစ်ထရိုင် အောင်စကို ၂၆၁၁ ဒေါ်လာ အထိ စံချိန်တင်အမြင့်ပိုင်းမှာရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတစ်ထရိုင် အောင်စကို ၂၅၇၀ ဒေါ်လာအထက်မှာပဲ ရှိခဲ့ပါတယ်။
စစ်ကောင်စီ ဩဇာခံ YGEAက ရွှေဆိုင်နဲ့ ရွှေ လုပ်ငန်းရှင် အားလုံးကို သူတို့သတ်မှတ်ဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်ဖို့ ညွှန်ကြားထားတာပါ။ ဒါပေမဲ့ YGEA သတ်မှတ်ဈေးက ပြင်ပ ရွှေပေါက်ဈေးနဲ့ ကျပ် ၁၅ သိန်း ဝန်းကျင် ကွာဟချက် ရှိနေပါတယ်။
ပြင်ပရွှေဈေးကွက်ကတော့ ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြတာဖြစ်ပြီး ဒီနေ့မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၈ သိန်း ဝန်းကျင် ဈေးပေါက်နေပါတယ်။
ပြင်ပဒေါ်လာဈေးကတော့ တဒေါ်လာကို ကျပ် ၅၁၀၀ ရှိပြီး စက်သုံးဆီတင်သွင်းသူတွေအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀အထိ ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။