ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ရဲဘော် ၄ ယောက် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)အဖွဲ့ဝင် မမြမဉ္စူနဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သူတို့ ၄ ယောက်ဟာ ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်နေသူတွေဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်ရဲ့ လူမဆန်တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေ စစ်ကြောမေးမြန်းခံနေရတယ်လို့ဆိုပါတယ်။
တကသကျောင်းသားဟောင်းများ အင်အားစုနဲ့ မဟာမိတ်အဖွဲ့အစည်းတွေက ရဲဘော် ၄ ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကစပြီး မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပါတယ်။သူတို့ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေး အခြေအနေ အထူးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ထုတ်ပြန်ထားပါတယ်။