ရန်ကုန်မှာရှိတဲ့ ဆိုက်ကား၊ ဘေးတွဲဆိုင်ကယ်တွေမှာ တပ်ဆင်ထားတဲ့ အမိုးတွေကို တပ်ဆင်ခွင့်မရှိ ဆိုပြီး ယာဉ်ထိန်းရဲတွေက ဖမ်းဆီးငွေညှစ်နေတယ်လို့ ဘေးတွဲမောင်းသူတွေက ပြောပါတယ်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်တွေမှာ ယာဉ်ထိန်းရဲတွေက ဆိုက်ကား၊ ဘေးတွဲတွေမှာ တပ်ဆင်ထားတဲ့ အမိုးတွေကို တပ်ဆင်ခွင့်မရှိ ဆိုပြီး ငွေကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ လောက်အထိ တောင်းကာ ငွေညှစ်နေတာကြောင့် အမိုးတွေကို ဖြုတ်နေကြရတယ်လို့ ဘေးတွဲမောင်းသူတွေထံက သိရပါတယ်။
မြောက်ဥက္ကလာမှာ ဘေးတွဲမောင်းနေသူတယောက်က “ဆိုက်ကားမှာတပ်ထားတဲ့ ထီးဆိုလည်း ဖြုတ်ခိုင်းတာ။ ဘက်ထရီစက်ဘီးကအစ ဖမ်းပြီး ငွေညှစ်နေကြတာ။ ဒီနေ့ဆိုရင် မြောက်ဥက္ကလာမှာ အမိုးဖြုတ်ထားကြတဲ့ ဘေးတွဲတွေ အများကြီးပဲ” လို့ ပြောပါတယ်။
ဘေးတွဲတွေ၊ ဆိုက်ကားတွေရဲ့ အမိုးတွေကို ဒီနေ့နောက်ဆုံးထား ဖြုတ်ရမှာလို့ ယာဉ်ထိန်းတွေက ပြောဆိုထားတာကြောင့် မြောက်ဥက္ကလာ၊ မြောက်ဒဂုံတို့က ဘေးတွဲတွေ အကုန်နီးပါး အမိုးတွေ ဖြုတ်ထားကြပြီး အင်းစိန်၊ လှိုင်သာယာ၊ မှော်ဘီ၊ တောင်ဒဂုံ အစရှိတဲ့ မြို့နယ်တွေက ဘေးတွဲတွေ ကတော့ ပုံမှန်အတိုင်း အမိုးမဖြုတ်ဘဲ သွားလာလို့ရတယ်လို့ သိရပါတယ်။
အင်းစိန်မြို့နယ်က ဘေးတွဲမောင်းသူတယောက်က “အင်းစိန်ဘက်တော့ ပုံမှန်အတိုင်းပဲ။ တခြားမြို့နယ်တွေတော့ အမိုးတွေ ဖြုတ်နေကြတယ်လို့တော့ ကြားတယ်။ ဒီဘက်လည်း ဘယ်တော့လာမလဲ မသိဘူး။ အဓိက ဂရုစိုက်ရမှာက လမ်းမကြီးတွေပေါ်မှာ လှည့်ကင်းတွေနဲ့ မတိုးဖို့ပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်ကစပြီး ဘေးတွဲဆိုင်ကယ်၊ ဘက်ထရီစက်ဘီး၊ ဆိုက်ကားနဲ့ ဆိုင်ကယ်တွေကို တရားဝင်လိုင်စင်ပြုလုပ်ဖို့ ဥပဒေသတ်မှတ်ခဲ့ပြီး ဆိုင်ကယ်အများအပြားကို ဖမ်းဆီး သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တာကြောင့် ကယ်ရီသမားတွေဟာ ဘေးတွဲအဖြစ် ပြောင်းပြီး ကယ်ရီဆွဲနေကြရတာ ဖြစ်ပါတယ်။