Home
မြန်မာသတင်း
ရန်ကုန်တွင်  အာလူးတပိဿာ ကျပ် ၁၀,၀၀၀ ထိ မြင့်တက်
DVB
·
September 20, 2024

ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်း ရေကြီးရေလျှံ ပြီးနောက် ရန်ကုန် လက်လီဈေးကွက်မှာ အာလူးတပိဿာကို ကျပ် ၁၀,၀၀၀ အထိ မြင့်တက်လာတယ်လို့ ရန်ကုန်မြို့နေ စားသုံးသူ ပြည်သူတွေထံက သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်မှာ စက်တင်ဘာ ၁‌၈ ရက်က တရုတ်အာလူး တပိဿာကို ၈,၀၀၀ ကျပ်၊ ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် အာလူး တပိဿာကို အမြင့်ဆုံး ၆,၅၀၀ ကျပ်အထိ ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။

ရေကြီးမှုမတိုင်ခင် စက်တင်ဘာလ ပထမပတ်ကတော့ တရုတ်အာလူး တပိဿာကို ၅,၀၀၀ ကျပ်၊ အောင်ပန်းအာလူး တပိဿာကို အမြင့်ဆုံး ၃,၅၀၀ ကျပ်သာ ပေါက်ဈေး ရှိခဲ့တာပါ။ လက်လီဈေးကွက်မှာလည်း အာလူးတပိဿာကို အမြင့်ဆုံးဈေး ကျပ် ၇,၀၀၀ ရှိခဲ့ပါတယ်။

လက်လီရော၊ လက်ကားဈေးကွက်မှာပါ အာလူးတပိဿာကို ကျပ် ၃,၀၀၀ ဝန်းကျင်ထိ သီတင်းသုံးပတ်အတွင်း မြင့်တက်လာခဲ့တာပါ။

ကုန်စိမ်းရောင်းချသူတယောက်က “အာလူးက ၁၀,၀၀၀ ဈေး ဖြစ်သွားပြီ။ ဈေးအရမ်းတက်လွန်းလို့ ထပ်မဝယ်ဘူး။ အရောင်းခဏရပ်ထားတယ်။ အရင်ဝယ်ထားပြီးသားတွေပဲ ရောင်းနေတာ။ ဈေးများတော့ အဝယ်လည်းနည်းတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာသီးနှံ အာလူးကို တောင်ပေါ်၊ မြေပြန့် တနှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်မှာ ၆၀ ရာခိုင်နှုန်းထိ အများဆုံး စိုက်ပျိုးပါတယ်။ ရှမ်းပြည်နယ်မှာ အောင်ပန်း၊ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပင်းတယ၊ ဟဲဟိုး စတဲ့ ဒေသတွေမှာ အဓိက စိုက်ပျိုးကြတာပါ။

အဲဒီဒေသတွေက ထွက်ရှိတဲ့ အာလူးတွေကို ရန်ကုန်အပါအဝင် ဒေသအနှံ့အပြားကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ရေဘေးသင့်ခဲ့သလို ကုန်စိမ်းပွဲရုံတွေကိုလည်း ရေဝင်ရောက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ကားလမ်တွေ ရေကျော်ပြီး လမ်း၊ တံတား ပျက်စီးမှုတွေလည်း ရှိခဲ့တာကြောင့် ကုန်စည်စီးဆင်းမှုပါ ယာယီရပ်တန့်သွားခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကုန်အဝင်နည်းပြီး အာလူး အပါအဝင် ကုန်စိမ်းဈေးတွေ တက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ပွဲရုံတချို့က လုပ်ငန်းပြန်လည် လည်ပတ်နေပြီး ရန်ကုန်ကိုလည်း ကုန်စိမ်းကားတွေ ပြန်လည်ဝင်ရောက်လာပြီဖြစ်လို့ ဈေးနှုန်းတွေလည်း ပြန်ကျဆင်းစပြုလာပြီလို့ ကုန်စိမ်းရောင်းချသူတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013