Home
မြန်မာသတင်း
ရန်ကုန်တွင် စားသုံးဆီစာအုပ်လုပ်ရန် လူဦးရေစာရင်း ကောက်နေ 
DVB
·
September 10, 2024

ရန်ကုန်တိုင်းအတွင်း ရပ်ကွက်တချို့မှာ စားသုံးဆီ ထုတ်ယူဝယ်နိုင်မယ့် စာအုပ်ပေးမယ်ဆိုပြီး အိမ်ရှိ လူဦးရေစာရင်းနဲ့ တခြားအချက်အလက်တွေပါ တောင်းယူနေတာကြောင့် စိုးရိမ်နေကြတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ ဆီစာအုပ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ခိုင်းနေတာကြောင့် တခြားရည်ရွယ်ချက်အတွက် အသုံးချမှာကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူတဦးက “အိမ်မှာ ကျား ဘယ်နှယောက်၊ မ ဘယ်နှယောက် ဆိုပြီး ဖြည့်ရတယ်။ ဖုန်းနံပါတ်တွေလည်း ပေးရတယ်။ ဆီဝယ်ဖို့က အဲဒီလောက် လိုလို့လား။ သူတို့ လိုချင်တဲ့အချက်အလက်တွေ ရဖို့အတွက် ဆီစာအုပ်နဲ့ မက်လုံးပေး စာရင်းကောက်တာဆိုပြီး ပြောနေကြတယ်”လို့ ပြောပါတယ်။

ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဆီစာအုပ် ထုတ်ပေးနေတာ ဖြစ်ပြီး ဘယ်တော့ ရောင်းပေးမယ်၊ ဘယ်မှာ ဝယ်ရမယ်၊ ဘယ်လောက် ရောင်းပေးမယ် ဆိုတာကို စာရင်းကောက်သူတွေက ပြောပြနိုင်ခြင်းမရှိဘူးလို့လည်း ကိုယ်တိုင် ကြုံရသူတွေက ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက “စစ်မှုထမ်းဖို့ကိစ္စတွေကလည်း ရှိနေတော့ စိုးရိမ်ရတယ်လေ။ ကိုယ့်မှာလည်း သားတယောက်ရှိတာ သူတို့ဆီ စာရင်းမပေးချင်လို့ စာအုပ်လည်း မလုပ်ဘူး။ အပြင်က ဝယ်စားတာက အန္တရာယ်ကင်းဦးမယ်"လို့ ပြောပါတယ်။

အရင်က ရန်ကုန်မှာ စားသုံးဆီကို ကိုယ်စားလှယ်ဆိုင်တွေနဲ့ ရပ်ကွက်ရုံးက ဝယ်ယူခွင့်ကတ်တွေ ထုတ်ပေးပြီး အဲဒီကတ်ပြကာ တန်းစီစောင့်ဆိုင်းဝယ်ယူစေရာကနေ ဆီစာအုပ်နဲ့ ဝယ်ယူရမယ့် စနစ်ကို ပြောင်းလဲဖို့လုပ်လာတာ ဖြစ်ပါတယ်။

ဆီကိုယ်စားလှယ်တွေက ရောင်းတဲ့စျေးနဲ့ ပြင်ပပေါက်စျေးက နှစ်ဆလောက် ကွာဟနေတာကြောင့် တရားဝင်ဈေးနဲ့ ဝယ်ခွင့်ရလိုသူတွေ များစွာရှိနေပါတယ်လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

ဒါပေမဲ့ အိမ်ရှိလူဦးရေနဲ့ အချက်အလက်တွေ ကောက်ပြီး ဆီစာအုပ်ထုတ်ပေးမယ့်စနစ်အပေါ် စိုးရိမ်မကင်းဖြစ်ရတာကြောင့် စာအုပ်မလုပ်သူ အများအပြားရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013