အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်နဲ့ ပြန်လည်ကျင့်သုံးနေတဲ့ သမဝါယမစနစ်အရ မြန်မာပြည်သူတွေအနေနဲ့ ၁၀ ရက်တကြိမ်ကို ၅၀ ကျပ်သား စာအုပ်နဲ့ ဆီဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၅ ရက် ဒီနေ့ကစပြီး ရန်ကုန်က မြို့နယ်တချို့မှာ စားအုန်းဆီကို စာအုပ်နဲ့ ဝယ်ယူရတာကို စတင် အကောင်အထည်ဖော်ခဲ့ပြီး အိမ်ထောင်စုတစု (စာအုပ်တအုပ်) ကို ဆီ ၅၀ ကျပ်သားပဲ ဝယ်ယူခွင့်ရရှိပြီး ဒီလို စာအုပ်နဲ့ဝယ်ယူခွင့်ဟာ ၁၀ ရက်တကြိမ်သာ ဖြစ်တယ်လို့ စာအုပ်နဲ့ စာအုန်းဆီ ဝယ်ယူခဲ့ရသူတွေက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “လင်မယားနှစ်ယောက်တည်းဆိုတော့ ၁၀ ရက်ကို ၅၀ သားဆိုတာက လောက်တယ်။ မိသားစုများတဲ့ အိမ်ဆိုရင် မလောက်နိုင်ဘူး။ အခုတောင် ရည်ညွှန်းဈေးအတိုင်း ရောင်းတဲ့ဆိုင်တွေမှာ တန်းစီပြီး ဆီစုတယ်၊ ပြီးရင် ပိဿာအလိုက် လိုတဲ့သူတွေကို အမြတ်တင် ပြန်ရောင်းကြတာ။ မှောင်ခိုဈေးကွက်ကြီး ဖြစ်နေတာ။ ရည်ညွှန်းဈေးကလည်း ထပ်တက်တယ်ဆိုတော့ ကိုယ့်အလှည့်ရောက်ချိန် တန်းမစီနိုင်ရင် အပြင်ဆီပဲ ဝယ်စားရမှာပဲ” လို့ ပြောပါတယ်။
ရန်ကုန်က တချို့မြို့နယ်တွေမှာ စက်တင်ဘာ ၃ ရက်ကစပြီး သမဝါယမစနစ်လို စာအုပ်တွေနဲ့ စားသုံးဆီကို သွားရောက်ဝယ်ယူနေရပြီဖြစ်ပေမဲ့ မြို့နယ်အများစုမှာတော့ အဲဒီစနစ် ရောက်မလာသေးဘဲ ဆီခွဲတမ်းရတဲ့ဆိုင်တွေမှာပဲ တန်းစီစနစ်နဲ့ ဆက်လက်ဝယ်ယူနေကြရဆဲ ဖြစ်တယ်လို့ ရွှေပေါက္ကံမှာ ဆီရောင်းချနေသူတယောက်က ပြောပါတယ်။
“အခု သူတို့ ရောင်းပေးနေတာတွေက မရှင်းဘူး။ တချို့မြို့နယ်တွေမှာ အိမ်ထောင်စု တခုလုံးကို ၁၀ ရက်ကို ၅၀ သား၊ တချို့မြို့နယ်တွေမှာ အိမ်ထောင်စုထဲမှာပါတဲ့သူတိုင်း တဦးကို ၅၀ သားစီ ရမယ် ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီလိုတွေ ရှုပ်နေလို့ ကျနော်တို့ကတော့ ဆီခွဲတမ်းရပေမဲ့ မရောင်းဘူး။ ပြဿနာလည်း အတက်မခံဘူး” လို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၃ ရက်ကနေ စက်တင်ဘာ ၄ ရက်အထိ ရန်ကုန်မြို့ရဲ့ မြို့နယ် ၄ မြို့နယ်လောက်မှာပဲ စာအုပ်နဲ့ ဆီဝယ်ရတာမျိုး အကောင်အထည်ဖော်နေသေးပြီး အဲဒါဟာ စမ်းသပ်မှုပြုလုပ်တာလည်း ဖြစ်နိုင်တယ်လို့ ဆီရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက သုံးသပ်ပါတယ်။
လက်ရှိ စားသုံးဆီဈေးနှုန်းဟာ ဆီကုန်သည်အသင်းက တပိဿာကို ၆,၄၉၀ ကျပ်ဖြစ်ပေမဲ့ ပြင်ပပေါက်ဈေးကတော့ တပိဿာကို ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ဝယ်ယူစားသုံးနေသူတွေဆီကနေ သိရပါတယ်။