Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် ရန်ကုန်တွင် ကုန်စိမ်းဈေး အဆမတန်တက်
DVB
·
September 15, 2024

နိုင်ငံတဝန်း နေရာအနှံ့အပြားမှာ မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးရေလျှံလို့ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာ၊ လမ်းတွေရေကျော်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်တာတွေကြောင့် ကုန်းစိမ်းအဝင်နည်းပြီး ဈေးနှုန်းမြင့်တက်လာတယ်လို့ ရန်ကုန်မြို့၊ ကုန်စိမ်းသည်တွေဆီကနေ သိရပါတယ်။

ရန်ကုန်မြို့က ကုန်းစိမ်းသီးနှံ လက်လီဈေးကွက်ထဲမှာ ဂေါ်ဖီတထုပ်ကို   ငွေကျပ် ၇,၀၀၀ ကနေ ၁၀,၀၀၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးဖြစ်နေပြီး ခရမ်းချဉ်သီး တပိဿာကို ၆,၀၀၀ ကျပ်၊ အာလူးတပိဿာကို ၈,၀၀၀ ကျပ်၊ ကန်စွန်းရွက်နဲ့ ဘူးရွက်က တစီးကို ၁,၀၀၀ ကျပ်၊ ချဉ်ပေါင်တစ်စီးကို ၄၀၀ ကျပ် အထိ ပေါက်ဈေး ဖြစ်နေပါတယ်။

ကုန်စိမ်းရောင်းချသူတယောက်က “ဈေးတွေထပ်တက်တယ်။ ခရမ်းချဉ်သီးက အရင် တပိဿာ ၂,၅၀၀ အခု ၆,၀၀၀၊ ဂေါ်ဖီက အရင် ၃,၀၀၀ အခု ၇,၀၀၀ ဈေးဖြစ်သွားပြီ။ နံနံပင်ဆိုရင် ၅၀၀၊ ၁,၀၀၀ ဖိုးမှ ရောင်းပေးနိုင်တော့တယ်။ ပွဲစားတွေကတော့ စိုက်ခင်းတွေ ရေဝင်လို့  ပစ္စည်းရှားတော့ ဈေးတက်တယ် ပြောတယ်။ နောက်ပိုင်းလည်းပစ္စည်း အဝင်နည်းမယ်တဲ့။ အခုဈေးတွေက ကမောက်ကမတွေ ဆိုတော့ ရောင်းတဲ့သူလည်း ဘယ်လိုရောင်းရမှန်းမသိ၊ ဝယ်တဲ့သူတွေလည်း ဈေးမေးပြီး ကြောင်တောင်တောင်တွေ ဖြစ်ကုန်ပြီ” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်ကထွက်ရှိတဲ့ တချို့ကုန်စိမ်းသီးနှံတွေလည်း ရေဘေးကြောင့် လမ်းခရီးခက်ခဲပြီး ရန်ကုန်ဈေးကွက်ထဲကို အဝင်မရှိသလောက် ဖြစ်နေတယ်လို့လည်း စားသောက်ကုန် ရောင်းချသူတွေဆီက သိရပါတယ်။

အဲဒီလို  ကုန်စည်အဝင်နည်းပြီး ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် အခြေခံ ပြည်သူတွေအနေနဲ့ အရင်က ဖောဖောသီသီ ဝယ်ယူရရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူစားသုံးဖို့ ခက်ခဲလာကြပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “အသီးအရွက်ကို စားနိုင်ဖို့မလွယ်တော့ဘူး။ ဒီဈေးတွေနဲ့က ဖြစ်တာကနည်းနည်း၊ တက်တာကများများ။  ဈေးသည်တွေက ဘယ်လိုဈေးတက်ရောင်းရမလဲပဲ စဉ်းစားနေကြတာ” လို့ ပြောပါတယ်။

ရေမကြီးခင် ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်ကတောင်သူတွေဟာ ဂေါ်ဖီတထုပ် ၃၅၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၁၀၀ ကျပ် ဝန်းကျင်ပဲဈေးရပေမယ့် ရန်ကုန်မြို့မှာတော့ အဲဒီဈေးရဲ့ ၁၀ ဆမက ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013