နိုင်ငံတဝန်း မိုးများပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတာကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေရဲ့ ကနဦး ခန့်မှန်းချက်တွေအရ သိရပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းအကျန် လေပွေလှိုင်းက မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းကနေ ဝင်ရောက်ခဲ့တာကြောင့် ရှမ်းပြည်တခုလုံး၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ စက်တင်ဘာ ၇ ရက်ကနေ ၁၂ ရက်အထိ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ မိုးရွာသွန်းတာနဲ့အတူ မြစ်ရေတက်တာကြောင့် လူနေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေလျှံတဲ့ပမာဏ များခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ ရေနစ်မြုပ်တာကြောင့် ကနဦး သေဆုံးသူ ၁၉ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ရတာ ခက်ခဲတယ်လို့ နေပြည်တော် တပ်ကုန်းရောက် ပရဟိတသမားတယောက်က ပြောပါတယ်။
“ကျနော်တို့ဖြစ်တဲ့ ဧရိယာက မိုင် ၂၀၀ ဝန်းကျင် ဧရိယာမှာဆိုတော့ ဒီပရဟိတသမားက ၄-၅-၁၀ ယောက် အယောက် ၂၀ ပဲရှိတာ။ နောက်ပြီးတော့ ပရဟိတသမားတွေက စက်တွေပါတာတော့ မှန်တယ်၊ ဒါပေမဲ့ ဒီရေစီးကို ဘယ်စက်မှ မတိုးနိုင်ဘူး။ သူတို့အော်နေပေမဲ့ ကျနော်တို့က သွားဖို့ရာမလွယ်ဘူး။ ရေစီးက မတရားကြမ်းတဲ့ အခါကြတော့ ကျနော်တို့ခေါ်ထုတ်တဲ့ အချိန်တုန်းက သူတို့က မထွက်ဘဲနဲ့ ကျနော်တို့ ရှေ့ပြေးအဖွဲ့တွေ အများကြီးပဲ သွားနေတာ ကြာပြီ။ ပေကပ်ပြီးနေတယ်၊ နောက်မှ ကျမတို့ကူပါဦး ကယ်ပါဦး ဆိုပြီး လိုင်းပေါ်တက်တက်ပြီး အော်တဲ့အခါကြတော့ ကျနော်တို့က အဆင်မပြေဘူး။”
ရှမ်းပြည်နယ်တောင်ပိုင်း ၄ မြို့နယ်ထက်မနည်းမှာ စက်တင်ဘာ ၇ ရက်ကစပြီး မိုးဆက်တိုက် ရွာသွန်းတာကြောင့် ရေကြီးလာတဲ့အတွက် နေအိမ်အတွင်း ပိတ်မိနေသူတွေလည်း ရှိခဲ့ပြီး ရေပြန်ကျချိန်မှာ အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလောမြို့မှာ ရေပြန်ကျပြီးတဲ့နောက် အလောင်း ၆၀ ကျော် ရှာဖွေတွေ့ရှိထားပြီး အဲဒီထက် ပိုများနိုင်သေးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ကရင်နီပြည်နယ်မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၈ ယောက် အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KNHRG) မှ ကိုဗညားက “ခုအတွက်ကို ကျနော်တို့က တော်တော်လေးကို ခေါင်းခဲနေတယ်ပေါ့နော်။ ပုံမှန်အားဖြင့်လည်း ကျနော်တို့ လူ ၁ သိန်းခွဲကို ပုံမှန်ကျွေးထားနေရတယ်ပေါ့နော်၊ ပုံမှန်ပံ့ပိုးနေရတယ်။ အခုကလည်း အိုးအိမ်တွေ ရာနဲ့ချီပြီး ပျက်စီးတော့ ပြန်လည်တည်ဆောက်ရေးအတွက်ကလည်း တော်တော်လေးကို ခဲယဉ်းတဲ့ ကျပ်တည်းတဲ့အချိန်ကို ရောက်သွားတယ်ပေါ့။ စားဖို့သောက်ဖို့တောင် မနည်းကြိုးပမ်းနေရတာကိုး။ ကျနော်တို့ကတော့ တော်တော်လေးကို နိုင်ငံတကာရဲ့ ထောက်ပံ့တဲ့ ပုံစံလေးကို အားမရဘူး၊ စိတ်ပျက်မိတယ်ပေါ့နော်။ စစ်ကောင်စီရဲ့ ရက်စက်သတ်ဖြတ်မှုကိုလည်း ကျနော်တို့ ဘယ်လိုမှကို မခံစားနိုင်ရလောက်အောင် ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ယာဂီ အကြွင်းအကျန်လေပွေလှိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံတာနဲ့ လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ပါတယ်။ နိုင်ငံတဝန်း မြို့ရွာတွေမှာ ရေကြီးမြေပြိုဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်စာရင်း အတိအကျကိုတော့ DVB သတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
လတ်တလောမှာ စစ်တောင်းနဲ့ သံလွင်မြစ်တွေလည်း ရေလျှံနေပြီး မြန်မာပြည်အထက်ပိုင်းမှာ မိုးဆက်ရွာနေရင် အောက်ပိုင်းမှာ ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်နေတာပါ။
နေပြည်တော် တပ်ကုန်းရောက် ပရဟိတသမားတယောက်က “လက်ရှိ အသင်းအဖွဲ့တွေကနေ တိုက်ရိုက် Live လွှင့်တာတွေ ရှိမယ်ဗျာ၊ အသင်းအဖွဲ့တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေ ရှိမယ်။ ဒါက မြေပြင်မှာ ဖြစ်ရပ်အမှန်ပါပဲဗျ။ အထက်ပိုင်း တောင်တန်းဒေသတွေမှာ မိုးသည်းကြီးမည်းကြီး ဆက်ရွာနေရင်တော့ အခြေအနေ မကောင်းနိုင်ဘူးဗျ။ အခုကတော့ လက်ရှိ တပ်ကုန်းတို့၊ ပျော်ဘွယ်တို့မှာတော့ ရေကျသွားပြီ။ အဲဒီရေက ဆွာတို့၊ တောင်ငူတို့၊ ရေနီတို့ အဲဘက်ကို တောက်လျှောက်ဆင်းတယ်၊ ဒီနေ့ဆိုရင် ပဲခူးကို ရေစတက်နေတယ်။ ကျနော်ထင်တယ်၊ အောက်ပိုင်းတွေ နောက် ၂ ရက် ၃ ရက်လောက်ဆိုရင် ရေက အလုံးအရင်းနဲ့ ပြီးခဲ့တဲ့ ရေဘေးထက်ကို ရေပိုများလိမ့်မယ်ထင်တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အခေါက်တုန်းက အောက်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံဖြစ်တဲ့ နေရာဝန်းကျင်မှာနေတဲ့ ပြည်သူတွေဟာ ကြိုတင်ပြင်ဆင်ဖို့ လှုံ့ဆော်ထားဖို့တော့ လိုလိမ့်မယ်ထင်တယ်” လို့ ပြောပါတယ်။
ရေလွှမ်းမိုးချိန်မှာ စစ်ကောင်စီဘက်က ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီပေးတာ မရှိခဲ့ဘဲ ရေကျချိန်ရောက်မှ ကူညီပေးနေတဲ့ အဖွဲ့တွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်စုံစမ်းမေးမြန်းတာမျိုး လုပ်ခဲ့တယ်လို့ မြေပြင် ပရဟိတသမားတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ဘေးသင့်နိုင်တာကို ကြိုသိပေမဲ့ ပြည်သူတွေကို သတိပေးချက်တွေ ကြိုတင်မထုတ်ပြန်ခဲ့သလို ဘေးသင့်ချိန်မှာလည်း ထိရောက်တဲ့အကူအညီတွေ မပေးဘဲ စစ်ကောင်စီက လျစ်လျူရှုထားခဲ့တာပါ။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “သူ့အာဏာတည်မြဲရေး အတွက်ပေါ့ဗျာ၊ အစွမ်းကုန်ပေါ့ ကြိုးစားကာကွယ်နေတယ်။ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ လေယာဉ်နဲ့ ဗုံးလိုက်ကြဲနေရတယ်ပေါ့ဗျာ။ ဒီအလုပ်တွေနဲ့ပဲ သူရှုပ်နေပုံပေါက်ပါတယ်။ သဘာဝဘေး ကြုံတွေ့နေရတဲ့ ပြည်သူတွေအပေါ်မှာ ကူညီကယ်ဆယ်မှု လုပ်ဖို့အတွက်ကတော့ လုပ်နေတာလည်း မမြင်ရဘူးပေါ့ဗျာ၊ လုပ်ဖို့လည်း သူ့အနေနဲ့က စဉ်းစားချက်ကို ရှိမယ်လို့ မထင်ပါဘူး” လို့ ပြောပါတယ်။
မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရေကြီးသလို ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြို့မှာလည်း ရေကြီးရေလျှံခဲ့ပြီး ထိုင်းစစ်တပ်က ပြည်သူတွေကို ရဟတ်ယာဉ်နဲ့ အစားအသောက်ဝေငှတာ၊ အကူအညီပေးတာတွေ ပြုလုပ်ခဲ့တဲ့ သတင်းတွေလည်း အင်တာနက်စာမျက်နှာပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းစစ်တပ် ရဟတ်ယာဉ်က မြန်မာဘက်ခြမ်း ရေဘေးသင့် ပြည်သူတွေကိုပါ ကူညီပေးနိုင်ဖို့ ကြိုးစားခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့တာပါ။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ ရှက်စရာတောင် ကောင်းပါတယ်နော်။ ထိုင်းစစ်တပ်က ကျနော်တို့ နယ်နိမိတ်စည်းကပ်လျက် လူတွေကိုတောင် ကူပေးတာမျိုး လုပ်တဲ့အချိန်မှာ စစ်တပ်ရဲ့အဓိပ္ပာယ်ကို လူတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ အသိနဲ့ ရပ်တည်နေတဲ့ စစ်တပ်ကတော့ သူတို့မှာရှိသမျှ ကူညီကယ်ဆယ်နိုင်တဲ့ ပစ္စည်းတွေ၊ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ လူထုကို ပစ်ခတ်တိုက်ခိုက်နေတာမျိုးတွေ သတ်ဖြတ်နေတာမျိုးတွေချည်းပဲ လုပ်နေတာပါ။ ကျနော့်အနေနဲ့တော့ သိပ်တအံ့တဩတော့ မရှိလှပါဘူး” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၁၃ ရက်ကနေ လာမယ့် ၁၅ ရက်အထိ ၃ ရက်အတွင်း ရေကြီးမြေပြိုဘေး မိုးလေဝသ အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၃ ရက်မှာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေထဲက နေရာတချို့မှာ မိုးကြီးတာနဲ့အတူ မြို့ပေါ်အထိ ရေကြီးတာ၊ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာတွေကို အထူးသတိထားသင့်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း၊ စက်တင်ဘာ ၁၅ ရက်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မိုးကြီးတာတွေနဲ့အတူ မြို့ပေါ်အထိ ရေကြီးတာ၊ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာတွေကို သတိထားသင့်တယ်လို့ NUG က သတိပေးထားပါတယ်။
သုတချမ်းသာ