ဆိုင်ကလုန်းမုန်တိုင်း ယာဂိအကြွင်းအကျန်လေပွေလှိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံတာနဲ့ လူသေအပျောက်တွေရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ပါတယ်။
နောက်ထပ် ၃ ရက်အတွင်း မိုးဆက် တိုက်ရွာသွန်းနိုင်ပြီး လျှပ်တပြတ်ရေကြီးလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြဖို့ မိုးလေဝသ ပညာရှင်က သတိပေးထားပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ယာဂိရဲ့ အကြွင်းအကျန် လေပွေလှိုင်းက မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပိုင်းအရှေ့ကနေ ဝင်ရောက်လာခဲ့ပြီး ရှမ်းပြည်တခုလုံး စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးတွေမှာရှိတဲ့ နေရာတော်တော်များများမှာ စက်တင်ဘာ ၇ ရက်ကနေ ၁၂ ရက်အထိ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
မိုးရွာသွန်းတာနဲ့အတူ မြစ်ရေတက်တာကြောင့် လူနေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေကြီး ရေလျှံခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ စက်တင်ဘာ ၁၀ ရက် ညနေက သောင်ရင်းမြစ်ရေတက်မှုနဲ့အတူ ရေကြီးခဲ့လို့ မြို့ရဲ့ အနိမ့်ပိုင်းဒေသက ပြည်သူတွေအနေနဲ့ ပြောင်းရွှေ့ဖို့ အချိန်မရသလို ကူညီကယ်ဆယ်ရေးတွေလည်း အချိန်မရလိုက်ဘူးလို့မြို့ခံ တယောက်က ပြောပါတယ်။
“မနေ့က ညနေကတည်းက တရိပ်ရပ်တက်လာတာ အတက်ကြမ်းတာ၊ အခု ဒီနေ့တော့ နည်းနည်း ပြန်ကျနေပြီ။ အနိမ့်ပိုင်းရပ်ကွက်က သူတွေက တော်တော်ဒုက္ခရောက်သွားတယ်။ ဖြစ်ပြီးထားတာ မကြာသေးဘူးဆိုတော့ လူတွေကပေါ့ပေါ့ဆဆနဲ့ ဒီလောက်ကြီး မထင်ထားလိုက်ဘူး။ သူတို့ကယ်ဆယ်ရေးလုပ်တာကလည်း လုပ်ဖို့ လုံးဝအချိန်မရလိုက်ဘူး ဖြစ်သွားတာ။ အနိမ့်ပိုင်းကလူတွေက အစပိုင်းသိလိုက်တဲ့သူတွေကတော့ ပြောင်းရင်း ပြောင်းရင်းနဲ့ ညဉ့်နက်သထက် နက်လာတယ်။ ဖုန်းလိုင်းတွေကလည်းမမိလိုက်နဲ့ဆိုတော့ အဆင်မပြေဖြစ် သွားတာ။ အသေအပျောက်ကတော့ မသိရလောက်သေးဘူး။ ဘာလို့လဲဆိုတော့ ရေကျတယ်ဆို တာကလည်း တပေ လောက်ပဲ ပြန်ကျသေးတာဆိုတော့။”
ရှမ်းပြည်အရှေ့နဲ့တောင်ပိုင်းက မြို့နယ်တွေမှာ စက်တင်ဘာ ၇ ရက်ကစပြီး မိုးဆက်တိုက် ရွာသွန်းတဲ့အတွက် နေအိမ်တွင်း ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရ ပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာလည်း အိမ်ထောင်စု ၁၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ဒေသခံ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်။
ဒါ့အပြင် ပျော်ဘွယ်မြို့နယ်က ရန်အောင်ကန်နဲ့ ကျောက်ဆည်ကန် ကျိုးတဲ့အတွက် ရွာပေါင်း ၃၁၈ ရွာ ရေနစ်မြုပ်နေတယ်လို့လည်း သိရသည်။
နေပြည်တော် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရေနီမြို့၊ ပေါက်ခေါင်းမြို့နယ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးနေ ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းနယ်မှာ မြစ်ကမ်းပါးပြိုကျလို့ လူနေအိမ် ၁၈ လုံးကို အရေးပေါ် ဖျက်သိမ်းခဲ့ရကာ မြန်အောင်မြို့နယ်မှာလည်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
ကယ်ဆယ်ရေးတွေအချိန်မီ မလုပ်ဆောင်နိုင်တာက စစ်ကောင်စီရဲ့ စုဖွဲ့စီမံမှုတွေ လုံးဝမရှိတဲ့ အတွက်ကြောင့်ဖြစ်ပြီး ဒေသခံကယ်ဆယ်ရေး အဖွဲ့တွေကပဲ တတ်စွမ်းသလောက် ကူညီပေး နေရကြောင်းကို ရှမ်းပြည်အခြေစိုက် ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြော ပါတယ်။
“ဖြစ်သင့်တာကတော့ကျနော်တို့ကယ်ဆယ်ရေးသမားတွေကို စုစည်းပြီးတော့ ညွှန်ကြားချက်နဲ့ ဘယ်ဒေသကို ဘယ်ရွာမှာ ဘယ်လိုဝင်မယ်၊ အင်နဲ့ အားနဲ့ စုစုစည်းစည်းဆိုရင်တော့ ပြည်သူတွေကိုလည်း ထိထိရောက်ရောက် ကူညီရမယ်။ ကူညီရေးအဖွဲ့တွေလည်း ခက်ခက်ခဲခဲမ ဖြစ်တော့ဘူးပေါ့၊ အခုကကျတော့ အဲဒီအပိုင်းမရှိတော့ဘူးဗျ၊ ကျေးရွာကလူတွေနဲ့ပဲ ရအောင် ချိတ်ဆက် ကျေးရွာဒေသခံတွေ ရအောင်ချိတ်ဆက်၊ ဒီဘက် ဒုက္ခရောက်တယ်ဆို ဒီဘက်ကိုချိတ်ဆက်ပြီး ကိုယ့်ဘာသာကိုယ်ဝင်ကြရတာ၊ အင်ဖော်မေးရှင်းပေးနိုင်မှုမှာလည်း ထိထိရောက်ရောက် ပေးနိုင်ဖို့လည်း လိုတယ်လို့မြင်တယ်။ ကျနော်တို့ ကယ်ဆယ်ရေးသ မားတွေကတော့ ဘယ်လိုပဲနေနေ မနေနိုင်ဘူးဗျ ကပ်ဘေးပဲဖြစ်ဖြစ် စစ်ဘေးပဲဖြစ်ဖြစ် မနေနိုင်ဘူး။ အခုကယ်ဆယ်ရေးသမားတွေဆိုတာလည်း ကိုယ့်ခွန်ကိုယ်အားနဲ့ ပြည်သူတွေ လှူဒါန်းကြတာလေးနဲ့ ခွန်အားလေးစိုက်ပြီး လုပ်နေရတာပဲပေါ့။”
စက်တင်ဘာ ၁၂ ရက် ညနေမှာတော့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်က ဆက်ဖြစ်လာပြီး ၁၃ ရက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လုံးဝ ဝင်ရောက်သွားမှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ လာမယ့် ၂၄ နာရီအတွင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေနဲ့ မြန်မာအလယ်ပိုင်းဒေသမှာ မိုးများပြီး အထူးဂရုပြုဖို့ မိုးလေဝသ ပညာရှင်ဦးဝင်းနိုင်က သတိပေးပါတယ်။
“၂၄ နာရီအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးနဲ့ စမီးကြားထဲမှာ မိုးရေချိန်က ၃၇၀ ကျော်မီလီမီတာ ရှမ်းပြည်မှာဖြစ်ခဲ့သလိုပဲပေါ့။ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းက မြစ်တွေ အကုန်လုံးက ရေကြီးရေလျှံဖြစ်နိုင်တယ်၊ ကျောက်တော် မြောက်ဦး၊ ကြာနီ၊ ပလက်ဝ စီးမယ့် မြစ်တွေမှာ ရေကြီးရေလျှံ အများကြီးဖြစ်သွားနိုင်တယ်။ ဒါကလောလောဆယ် နောက်ဆုံး တွေ့ရတဲ့အခြေအနေ၊ ပြီးတော့ အလယ်ပိုင်းဒေသတွေမှာက မန္တလေးတိုင်း မြင်းခြံနဲ့ မကွေးတိုင်းရဲ့ စေတုတ္တရာ၊ ဆော၊ ပေါက်၊ ချောက်၊ ရေနံချောင်း၊ မြိုင် အဲဒီနေရာတွေမှာ မိုးဆက်ပြီးများ နေဦးမယ်။”
လာမယ့် ၃ ရက်တာမှာ မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာတာ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် မြစ်ချောင်းနဲ့ မြို့ပြတွေမှာ ရေကြီးပြီး၊ လျှပ်တပြတ် ရေကြီးတာတွေကို အထူးသတိ ပြုသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတိပေး ထုတ်ပြန်ပါတယ်။
မိုးများတာရဲ့ နောက်ဆက်တွဲအနေနဲ့ မြေပြိုကမ်းပြိုတာ၊ ကားလမ်းရထားလမ်းတွေ ရေကျော်တာ၊ ရေကာတာနဲ့ ဆည်ရေတိုးတာတွေအပြင် ရေပိုလွှဲကနေ ရေထုတ်လွှတ်တာတွေ ဖြစ်ပေါ် နိုင်တဲ့အတွက် ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြု နေထိုင်ဖို့နဲ့ အချိန်မီ ရှောင်ရှားကြဖို့ လည်း ထုတ်ပြန်ထားပါတယ်။
ဝေဝေ