အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်၊ ရုတ်တရက်ရေကြီး မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေထပ်ဖြစ်နိုင်တယ်လို့ မိုးဇလ ဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအတော်များများမှာ မိုးသည်ထန်းစွာရွာသွန်း ရေကြီးရေလျှံ မြေပြိုမှုဖြစ်ပွားပြီး လူတွေ ရာနဲ့ချီ သေဆုံးခဲ့တာပါ။
ဒီကနေ့ စက်တင်ဘာ ၁၅ ရက်မနက် တိုင်းထွာချက်တွေအရလည်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression)ဟာ သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ဆက်လက် တည်ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ အနောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် ၂၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသတွေကို ဆက်လက် ဖြတ်ကျော်နိုင်ကာ၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါမုန်တိုင်းအရှိန်ကြောင့် ဒီမနက်ကနေ နောက် ၂၄ နာရီအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက် လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင် လေဟာ တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေလောက် ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေ အနီးတွင် နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုဖို့လည်း အကြံပြုထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာ မြစ်သာမြစ်ရေဟာ နောက်တရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်လို့ ကလေးမြို့နယ်အတွင်း မြစ်ကမ်းအနီး မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူနဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ် ကျော်လွန်နေသလို ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး သံလွင်မြစ်ရေဟာလည်း ဘားအံမြို့မှာ စိုးရိမ်ရေမှတ်ကျော်လွန် ရေကြီးနေပါတယ်။