ပြီးခဲ့တဲ့လက ဝါရှင်တန်နဲ့ နယူးယောက်တို့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်း ပြည်သူတွေဟာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ နိုင်ငံအတွင်းမှာ တရားမျှတမှုရရှိဖို့ကို အသည်းအသန် လိုလားနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။
အခုအပတ်မှာ ကိယက်ဗ်က ကျနော် စကားပြောခဲ့ရတဲ့ အကြီးပိုင်းအရာရှိတွေကအစ ရှေ့တန်းက စစ်သားတွေအထိ ယူကရိန်းနိုင်ငံသားတိုင်းမှာလည်း အလားတူ ဆန္ဒတွေ ရှိနေတာကို ကြားသိခဲ့ရပါတယ်လို့လည်း ဇလန်းစကီးကပြောပါတယ်။
ယူကရိန်းပြည်သူတွေဟာ ရုရှားတွေကို ယူကရိန်းနိုင်ငံအတွင်းကနေ ဆုတ်ခွာသွားစေလိုကြပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စိတ်ချရမယ့် လုံခြုံရေးအရ အာမခံချက်တွေကို မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
စစ်ပွဲပြီးသွားတဲ့အခါမှာတော့ ယူကရိန်းဟာ နေတိုးမဟာမိတ်တပ်ပေါင်းစုကို မဖြစ်မနေ ဝင်ရောက်ဖို့ လိုပါတယ်။ လက်ရှိပဋိပက္ခရဲ့ အဆုံးသတ်ကတော့ ယူကရိန်းအနေနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်သွားနိုင်တာကြောင့် ဒါမှမဟုတ် သမ္မတ ဇလန်းစကီး အကြံပေးခဲ့သလို ရုရှားရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတာမျိုးတွေကြောင့် ဖြစ်လာနိုင်ခြေရှိပြီး ဒီအချက်နှစ်ခုလုံးကြောင့် ပဋိပက္ခအဆုံးသတ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ပွဲပြီးဆုံးသည့်တိုင်အောင် ယူကရိန်းဟာ နေတိုး မဟာမိတ် တပ်ပေါင်းစုထဲမှာ မပါဝင်ဘူးဆိုရင် နှစ် ၃၀၀ ကျော် သူတို့ကိုခြိမ်းခြောက်လာတဲ့ ရုရှားရဲ့ ကျူးကျော်မှုတွေကနေ လုံခြုံမှု ရရှိနိုင်ဦးမှာ မဟုတ်သေးသလို ဥရောပတခွင်လုံးလည်း ငြိမ်းချမ်းနိုင်ဖို့ မလွယ်ကူပါဘူး။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ယူကရိန်းကို နိုင်ငံအဖြစ်က ဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားတာ သေချာသလောက် ရှိနေပါပြီ။ ပူတင်ဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်ပြီး ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်ကတည်းက အဲဒီလမ်းကြောင်းပေါ်ကို ခြေလှမ်းစတင်လာခဲ့တာပါ။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ပူတင်ဟာ ယူကရိန်းကို ထပ်မံကျူးကျော်ပြီး ယူကရိန်းပြည်သူတွေကို သူ့ရဲ့ ကြမ်းကြုတ်တဲ့ ကျူးကျော်မှုအောက်မှာ ကျွန်စာရင်းသွင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါ၊ ဥရောပနဲ့ အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေရဲ့ အကူအညီနဲ့ ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်မှုကို နှစ်နှစ်နဲ့ ရှစ်လတိုင်အောင် တောင့်ခံထားနိုင်ခဲ့ပါတယ်။ ယူကရိန်းကတော့ သူတို့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ သေချာနေပြီး သမ္မတဘိုင်ဒင် ပြောကြားခဲ့သလိုပဲ အနိုင်ရရှိမှာလို့လည်း ယုံကြည်နေပါတယ်။ ဒါပေမဲ့ သူတို့ဟာ စစ်ပွဲကာလအတွင်းမှာ အကူအညီတွေ အများကြီး လိုအပ်နေသေးတယ် ဆိုတာနဲ့ စစ်ပွဲအပြီးမှာ နေတိုးမဟာမိတ်တပ်ပေါင်းစုရဲ့ အဖွဲ့ဝင် ဖြစ်ခွင့်ရဖို့ လိုအပ်တယ် ဆိုတာကတော့ သေချာပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းကို နေတိုးမဟာမိတ်တပ်ပေါင်းစုထဲမှာ ပါဝင်စေဖို့ နောက်ဆုံးကြိုးစားခဲ့မှုဟာ ၂၀၀၈ ခုနှစ်က ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မှာ ကျင်းပတဲ့ နေတိုးမဟာမိတ်တပ်ပေါင်းစု ထိပ်သီးညီလာခံမှာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဝါရှင်တန်က မူဝါဒရေးရာကျွမ်းကျင်သူ တချို့ကတော့ ဒီအချက်ကို အကြောင်းပြပြီး နေတိုးတပ်ပေါင်းစုဟာ ယူကရိန်းကို ဘယ်တော့မှ အဖွဲ့ဝင်အဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ အဲဒီအချိန်တုန်းက ကျနော်ဟာ ကိယက်ဗ်မှာ အမေရိကန် သံအမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီး တကယ့်အခြေအနေကတော့ သူတို့ပြောသလိုမဟုတ်ဘဲ ကျနော်တို့သာ စောစောစတင်ခဲ့ပြီး ပိုမိုထိရောက်အောင် တွန်းအားပေးနိုင်ခဲ့ရင် အောင်မြင်နိုင်ခြေ ရှိခဲ့ပါတယ်။
ဘူခါရက်စ် ညီလာခံမှာ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေး၊ လက်မခံရေး ကိစ္စဟာ အတော်လေး ကြီးကျယ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျော့ဒဘလျူဘုရှ်ဟာ အမေရိကန်အစိုးရအဖွဲ့နဲ့ အခြား နေတိုးထိပ်သီးခေါင်းဆောင်တွေကို ဒီကိစ္စအတွက် တွန်းအားပေးခဲ့ပေမဲ့ ကံမကောင်းစွာဘဲ နောက်ကျသွားခဲ့ပါတယ်။
၂၀၀၇ ခုနှစ်နှောင်းပိုင်းက ဝါရှင်တန်မှာ ကျင်းပတဲ့ ဥရောပနိုင်ငံတွေက အမေရိကန် သံအမတ်တွေရဲ့ အစည်းအဝေးမှာ ကျနော့်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ကို ဘူခါရက်စ် ညီလာခံမှာ ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ခွင့်ရဖို့ ကျနော်တို့အနေနဲ့ ကူညီပေးမှာလားလို့ မေးမြန်းခဲ့ပါတယ်။ အဲ့အချိန်မှာ နိုင်ငံခြားရေးဝန်ကြီးကတော့ စိတ်မသက်မသာနဲ့ဘဲ ကူညီပေးမှာ မဟုတ်ဘူးဆိုတဲ့ အရိပ်အယောင်တွေ ပြသခဲ့ပါတယ်။ အထူးသဖြင့် ဂျာမနီ အပါအဝင် အခြားနေတိုးအဖွဲ့ဝင် နိုင်ငံတွေကလည်း အထက်ပါသတင်းစကားကို လက်ခံရရှိခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ရပ်တည်ချက်ပဲလို့ နားလည်သွားတာကြောင့် ယူကရိန်းကိစ္စအပေါ် လက်ရှောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ရဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်ကိစ္စအပေါ် အမေရိကန်ရဲ့ ဆန့်ကျင်မှုဟာ သမ္မတ မစ္စတာဘုရှ် အနေနဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ သူ့ရဲ့ ဌာနရေးရာ ဝန်ကြီးတွေနဲ့ ဒုသမ္မတ ဒစ်ချေနီတို့ ပါဝင်တဲ့ ဗုဒ္ဓဟူးနေ့ မူဝါဒရေးရာ ပုံမှန်အစည်းအဝေး မပြုလုပ်ခင်အထိ ကြာမြင့်ခဲ့ပြီး အဲဒါဟာ ဘူခါရက်စ် ညီလာခံမတိုင်ခင် နှစ်လအလိုပဲ ဖြစ်ပါတယ်။
သမ္မတ မစ္စတာဘုရှ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းအနေနဲ့ နေတိုးတပ်ပေါင်းစုရဲ့ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ရဖို့ အမေရိကန်က ထောက်ခံကူညီသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စတာဘုရှ်ဟာ သူ့ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာဟာဒလေကို ယင်းကိစ္စအပေါ် ဂျာမနီရဲ့ သဘောတူညီမှုရရှိအောင် ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ မစ္စတာ ဟာဒလေကလည်း ညွှန်ကြားချက်အတိုင်း ကြိုးစားခဲ့ပေမဲ့ ဘာလင်အစိုးရကတော့ သဘောမတူခဲ့ပါဘူး။ မစ္စတာဘုရှ်ကတော့ ဆက်လက်တွန်းအားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီရပ်တည်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် ဘုရှ်ဟာ စစ်အေးခေတ်အလွန်က အမေရိကန်ရဲ့ မူဝါဒတခုဖြစ်တဲ့ ကိုလိုနီနိုင်ငံဟောင်းတွေဟာ သူတို့ရဲ့ကံကြမ္မာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသင့်တယ်ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုခဲ့ပါတယ်။
ယူကရိန်းရဲ့ နေတိုးမဟာမိတ်တပ်ပေါင်းစု ဝင်ခွင့်အတွက် တွန်းအားဖြစ်စေဖို့ မစ္စတာဘုရ်ှဟာ သူ့ရဲ့ ညီလာခံကိုသွားတဲ့ ခရီးစဉ်အတွင်းမှာ ကိယက်ဗ်ကို ဝင်ရောက်ခဲ့ပါသေးတယ်။ သူဟာ ကိယက်ဗ်မှာ ယူကရိန်းနိုင်ငံသားတွေရဲ့ ခိုင်မာပြတ်သားမှုကို သဘောကျသွားပြီး နေတိုးဝင်ခွင့်ကိစ္စအတွက် အတိုက်အခံလုပ်ဖို့ ဘူခါရက်စ်ကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ သို့သော် ဂျာမနီနဲ့ ပြင်သစ်တို့ကတော့ သူတို့ရဲ့ရပ်တည်ချက်ကို မပြောင်းလဲခဲ့ပါဘူး။ ဒီနှစ်နိုင်ငံလုံးက မော်စကိုအစိုးရနဲ့ အပေးအယူတွေပြုလုပ်ပြီး ရုရှားရဲ့ လုပ်ရပ်တွေကို ထိန်းကျောင်းနိုင်မယ်လို့ မှားယွင်းစွာ ယုံကြည်ခဲ့ကြပါတယ်။ ဂျာမနီရဲ့ အဓိပတိဟောင်း အိန်ဂျယ်လာ မာကယ်ကတော့ အလားအလာရှိတဲ့ ရုရှားရဲ့ အပြုသဘောမဆောင်တဲ့ တုံ့ပြန်ချက်တွေက ဂျာမနီရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ သက်ရောက်ခဲ့တယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။
မစ္စတာဘုရှ်နဲ့ မစ္စ ရိုက်စ်တို့ဟာ ဘူခါရက်စ်ညီလာခံမှာ ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်ကို တဖြည်းဖြည်းချင်း ရရှိလာမယ်ဆိုတဲ့ တရားဝင် ထုတ်ပြန်အတည်ပြုချက်ကို ရရှိခဲ့ပေမဲ့လည်း ဘယ်အချိန်မှာ ဘယ်လိုရရှိမယ် ဆိုတာတော့ မပါဝင်ခဲ့ပါဘူး။ (အဲဒီအစည်းအဝေးကလည်း ဧည့်သည်အဖြစ်တက်ရောက်တဲ့ မစ္စတာပူတင်အနေနဲ့ မစ္စတာဘုရှ် အနားကပ်ပြီး ယူကရိန်းဟာ တကယ့်နိုင်ငံမဟုတ်ဘူးလို့ တီးတိုးပြောကြားခဲ့တယ်လို့ နာမည်ကျော်ခဲ့တဲ့ အစည်းအဝေး ဖြစ်ပါတယ်။)
ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကို နေတိုးတပ်ပေါင်းစုက အဖွဲ့ဝင်အဖြစ် လက်မခံခဲ့မှုဟာ သမ္မတပူတင်အတွက်တော့ ရုရှားအနေနဲ့ ဒီနှစ်နိုင်ငံကို တိုက်ခိုက်ခဲ့ရင်လည်း အနောက်အုပ်စုက ဘာအကူအညီမှ ပေးမှာမဟုတ်ဘူးဆိုတဲ့ အတွေးအမြင်ကို ရရှိသွားစေခဲ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။ နေတိုးထိပ်သီးညီလာခံအပြီး လေးလအကြာမှာပဲ ရုရှားက ဂျော်ဂျီယာကို ကျူးကျော်ခဲ့ပြီး ခြောက်နှစ်အကြာမှာ ယူကရိန်းကို ပထမဆုံးအကြိမ် ကျူးကျော်ခဲ့ပါတယ်။ နေတိုးတပ်ပေါင်းစုက ၂၀၀၈ ခုနှစ်ကတည်းက ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကို အဖွဲ့ဝင်ဖြစ်ဖို့ အခွင့်အရေးပေးခဲ့ရင် ရုရှားအနေနဲ့လည်း အဆိုပါနှစ်နိုင်ငံကို မကျူးကျော်ခဲ့မှာမျိုး ဖြစ်နိုင်ခြေရှိသလို ယူကရိန်းအနေနဲ့လည်း ယခုလို ဆိုးရွားတဲ့ စစ်ပွဲတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ မရှိပါဘူး။
ဒီတော့ ၂၀၀၈ ခုနှစ်က ရရှိခဲ့တဲ့ သင်ခန်းစာတွေက ဘာတွေဖြစ်မလဲ။ ပထမဆုံးအနေနဲ့ကတော့ ရုရှားရဲ့ ရန်လိုမှုကို ဟန့်တားနိုင်ဖို့အတွက် နေတိုးမဟာမိတ်တပ်ပေါင်းစုမှာ အဖွဲ့ဝင်ဖြစ်ခွင့်ရဖို့က အရေးပါတယ်လို့ ယူဆနိုင်ပါတယ်။ မစ္စတာပူတင်ဟာ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကိုပဲ တိုက်ခိုက်ခဲ့တာပါ။ ဒုတိယအနေနဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်အောင် ကြိုးပမ်းဖို့ဆိုရင် အမေရိကန်အနေနဲ့ စောစောစတင်သင့်ပြီး ဇွန်လမှာပြုလုပ်မယ့် ညီလာခံမှာ ယူကရိန်းအရေးဟာ ဦးစားပေးရမယ့် ကိစ္စဖြစ်ကြောင်း သေချာနေဖို့ လိုပါတယ်။ ဒီအဆင့်ကိုရောက်ရှိဖို့ဆိုရင် အမေရိကန်အနေနဲ့ မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးဖို့ ၎င်းရဲ့ စွမ်းဆောင်ရည်အားလုံးကို အသုံးချသွားရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ပိုလန်၊ ဘော်လတစ်နိုင်ငံတွေ၊ နောဒစ်နိုင်ငံတွေနဲ့ ဥရောပအလယ်ပိုင်းက အချက်အချာနိုင်ငံ အများစုအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုက ယူကရိန်းကို ထောက်ခံနေကြပြီး လက်ရှိအခြေအနေမှာပဲ ရပ်တန့်နေမှာ မဟုတ်တဲ့ အရိပ်အယောင်တွေ ပြသနေပါတယ်။ ဒီအခြေအနေမှာ ဂျာမနီရဲ့ သဘောထားကလည်း တဖန် ပြန်လည်ပြီး အရေးပါလာဦးမှာပါ။ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ တူရကီနိုင်ငံတို့ကတော့ ထပ်မံစည်းရုံးရဦးမှာဖြစ်ပြီး လုံလောက်တဲ့ သဘောတူညီမှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေရှိရင် ဒါဟာ ဖြစ်နိုင်တဲ့ကိစ္စပါ။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့ ယူကရိန်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံမဖြစ်ခင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ဆောင်ရမယ့်အချက်တွေ အများကြီးရှိသေးတယ် ဆိုတာကိုတော့ အားလုံး သဘောတူကြပါတယ်။ ယူကရိန်းဘက်ကလည်း ဒီအချက်ကို လက်ခံပြီး လွန်ခဲ့တဲ့ ဆယ်နှစ်အကြာ မစ္စတာဘိုင်ဒင် ဒုသမ္မတအဖြစ် လာရောက်လည်ပတ်ခဲ့စဉ် ကတည်းက ကောင်းကောင်းမွန်မွန် ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ ယူကရိန်းဟာ ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင် ဖြစ်ခွင့်ရဖို့လည်း လိုအပ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြန်လည်ပြုပြင်မှုတွေကိုလည်း သိသာထင်ရှားစွာ ဆောင်ရွက်နေပါတယ်။
ရုရှားကတော့ ယူကရိန်းသာ နေတိုးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် ဖြစ်မယ်ဆိုရင် ဝမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ရုရှားအနေနဲ့ သဘောကျအောင်လုပ်တာ မဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေ လုံခြုံရေးအရ လုပ်ရတာဖြစ်ပါတယ်။ မော်စကိုအစိုးရမှာ ဗီတိုအာဏာလည်း မရှိပါဘူး။
တချိန်တည်းမှာပဲ နေတိုးတပ်ပေါင်းစုအနေနဲ့လည်း ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပေါင်းစည်းဖို့အတွက် ကြားကာလမှာ လိုအပ်တဲ့ အဆင့်တွေကို စတင်လုပ်ဆောင်သင့်ပါတယ်။ နေတိုးတပ်ပေါင်းစုအတွက် ယူကရိန်းက စေလွှတ်မယ့် သံတမန်ကိုလည်း နေတိုးရဲ့ အဓိကဆုံးဖြတ်ချနိုင်တဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ မြောက်အတ္တလန္တိတ်ကောင်စီရဲ့ အရာရှိဟောင်း တယောက်ယောက်ကို ခန့်အပ်သင့်ပြီး အစည်းအဝေးတိုင်းမှာ ပါဝင်နိုင်မယ့် အာမခံချက် ရရှိအောင် ဆောင်ရွက်ရမှာပါ။ နေတိုးရဲ့ စစ်ဘက်ဆိုင်ရာကော်မတီက ကျင်းပတဲ့ အစည်းအဝေးတွေမှာလည်း ယူကရိန်းရဲ့ အကြီးပိုင်း အရာရှိတယောက်ယောက်ကို ပါဝင်ဖို့ ဖိတ်ကြားသင့်ပါတယ်။ ထို့ပြင် ယူကရိန်းဟာ ဗြိတိန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေသာ ပါဝင်တဲ့ နိုင်ငံပေါင်းစုံ တပ်ပေါင်းစုမှာ ပါဝင်ဖို့လည်း တပ်ဖွဲ့တွေ စေလွှတ်ရပါမယ်။ အရေးအကြီးဆုံးကတော့ နေတိုးတပ်ပေါင်းစုဟာ ယူကရိန်းကို အမြန်ဆုံးဖိတ်ကြားပြီး အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဒါမှသာ ပဋိပက္ခ ပြီးဆုံးသွားတဲ့အခါမှာ ယူကရိန်းဟာ နေတိုးမဟာမိတ်တပ်ပေါင်းစုကို တရားဝင် ဝင်ရောက်ဖို့ အဆင်သင့် ဖြစ်နေမှာပါ။
နေတိုးမဟာမိတ်တပ်ပေါင်းစုထဲ ယူကရိန်းနိုင်ငံ မပါဝင်သရွေ့ ဥရောပဟာ လုံခြုံပြီး လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ယူကရိန်းအနေနဲ့လည်း နေတိုးမဟာမိတ်တပ်ပေါင်းစုမှာ ဝင်ခွင့်မရသေးဘဲ စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပြီး ခိုင်မာပြတ်သားပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မှုကို ပြသရမှာ ဖြစ်ပါတယ်။ အခုလို ယုံကြည်မှု၊ ခွန်အားနဲ့ အလုပ်ကြိုးစားမှုတွေနဲ့ဆိုရင် ယူကရိန်းနိုင်ငံဟာ နေတိုးမဟာမိတ်တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်လာမှာ သေချာပါတယ်။ ဥရောပတခွင် ငြိမ်းချမ်းဖို့အတွက်ဆိုရင်တော့ ဒါဟာ ဖြစ်ကိုဖြစ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။
ဝီလျံဘီတေလာ
ဘာသာပြန်သူ- သူရိန်သွေး
Ref: New York Times
(New York Times သတင်းစာပါ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ ဝီလျံ ဘီ တေလာ ရေးသားသည့် “Give Ukraine NATO Membership. Peace Depends on It” ဆောင်းပါးအား ဘာသာပြန်တင်ဆက်သည်။)