ယူကရိန်းကတောင်းဆိုတဲ့ တာဝေးပစ်ဒုံးလက်နက်တွေ အသုံးပြုဖို့ အများသဘောတူမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
ယူကရိန်းသမ္မတဇလန်းစကီးက ရုရှားနိုင်ငံရဲ့အတွင်းပိုင်းအထိ တိုက်ခိုက်နိုင်မယ့် တာဝေးပစ် လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ နေတိုးအဖွဲ့ကို တောင်းဆိုထားတာဖြစ်ပါတယ်။
ဘိုင်ဒန်ဟာ ဂျာမနီခရီးစဉ်မှာ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပြီး အမေရိကန်ကို ပြန်တဲ့အချိန် လေယာဉ်ကွင်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။
ယူကရိန်းကို တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့သလားဆိုတဲ့ မေးခွန်းကို ဘိုင်ဒန်က နိုင်ငံခြားရေးမူဝါဒအရ အသုံးပြုခွင့် မပေးကြောင်းနဲ့ တခြားနိုင်ငံတွေကလည်း အသုံးပြုဖို့ သဘောမတူကြောင်း ပြောခဲ့တာပါ။
ဇလန်းစကီးရဲ့ အောင်ပွဲအစီအစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ဆန္ဒဘယ်လိုရှိလဲ ဆိုတဲ့ မေးမြန်းမှုကို ဘိုင်ဒန်က ယူကရိန်းနဲ့ အတူဆက်ပြီး ရပ်တည်မယ်လို့ ဖြေကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း အရေးကိစ္စတွေနဲ့ပတ်သက်ပြီးမေးမြန်းမှုကို ဘိုင်ဒန်က လက်ဘနွန်မှာ အပစ်အခတ်ရပ်ဆဲရေးဖြစ်လာနိုင်ကြောင်းနဲ့ ဂါဇာမှာ ခက်ခဲမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
နေတန်ယာဟုနဲ့ ဖုန်းပြောခဲ့မှုမှာ အပစ်အခတ်ရပ်ဆဲရေးပါဝင်လားဆိုတဲ့ မေးမြန်းမှုကိုလည်း ဘိုင်ဒန်က အရှေ့အလယ်အပိုင်းအရေးကိုသာ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။
အမေရိကန်သမ္မတသစ်နေရာကို ဘယ်သူဆက်ခံမလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးလည်း ဘိုင်ဒန် က မသိကြောင်း ဖြေကြားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source-Reuters