မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မဟာဗျူဟာမြောက် ဒုံးကျည် အခြေစိုက် စခန်းတွေကို သွားရောက်ခဲ့ပြီး “ဗျူဟာမြောက် အဟန့်အတားလုပ်ဆောင်မှု” အတွက် အဆင်သင့်ဖြစ်မှုကို စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တရားဝင်သတင်းဌာန KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ ကင်မ်ဂျုံအန်းဟာ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ပထမဆုံး လက်ထောက်ဌာန ညွှန်ကြားရေးမှူး ကင်မ်ဂျုံဆစ်ခ် အပါအဝင် တာဝန်ရှိသူတွေနဲ့အတူ ဒုံးကျည်အခြေစိုက်စခန်းတွေရဲ့ အဆောက်အဦတွေကို ကြည့်ရှုစစ်ဆေးနေပုံကို မြင်တွေ့ရပါတယ်။
အမေရိကန်ရဲ့ မဟာဗျူဟာမြောက် နျူးကလီးယားနည်းလမ်းတွေ ဆိုတာဟာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို အမြဲတစေ ခြိမ်းခြောက်နေမှုဖြစ်ပြီး ရေရှည် ခြိမ်းခြောက်လာမှုတွေဟာ ပြုံယမ်းရဲ့ နျူးကလီးယားတပ်ဖွဲ့တွေကို စေ့စပ်သေချာပြီး တင်းကျပ်တိကျတဲ့ တန်ပြန်တုံ့ပြန်မှုပုံစံကို တောင်းဆိုနေတာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ အနာဂတ်မှာ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့ကို ဦးစားပေးခြင်းအားဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပြီး အဲဒါကို “နိုင်ငံတော်ကာကွယ်ရေး တည်ဆောက်ရေး မဟာဗျူဟာရဲ့ အရေးကြီး နိယာမ” လို့လည်း ခေါ်ဆိုခဲ့ပါတယ်။
Source-Reuters