မကြာသေးခင်နှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ဒေသတွင်းဆိုင်ရာ စိန်ခေါ်မှုတွေကို တုံ့ပြန်ဖြေရှင်းပုံနဲ့ အာဆီယံအပေါ် မျှော်လင့်ထားခဲ့မှုတွေဟာ စိတ်ပျက်စရာ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီချက် ရရှိမှသာ နောက်တဆင့်ကို တက်လှမ်းနိုင်မယ့် အာဆီယံရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်ကြောင့် မြန်မာ့အကျပ်အတည်းနဲ့ဆိုင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှာလည်း ထိရောက်တဲ့ နောက်ဆက်တွဲ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာ့အကျပ်အတည်းလို အရေးကြီးတဲ့ ဒေသတွင်းဆိုင်ရာကိစ္စတွေ ဖြေရှင်းရေးမှာ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီချက် မလိုဘဲ စိတ်သဘောထားတူ နိုင်ငံအနည်းစုနဲ့ ရှေ့ဆက်လို့ရမယ့် ASEAN Minus X ချဉ်းကပ်ပုံ နည်းလမ်းကို ကျင့်သုံးသွားဖို့ အဆိုပြုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ ဒေသတွင်း ပြဿနာတွေ ဖြေရှင်းရေးမှာ ပိုမို ထိရောက်ကောင်းမွန်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ဖို့က အရေးကြီးတာလား ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ တစိတ်တဝမ်းတည်းဖြစ်မှု မူဝါဒကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့က ပိုပြီး အရေးကြီးတာလားဆိုတဲ့ အချေအတင် ဆွေးနွေးမှုတွေလည်း ရှိလာစေခဲ့ပါတယ်။
ဒါပေမဲ့လည်း မြန်မာ့အရေး အဖြေရှာနိုင်ရေးအတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံအပေါ် မျှော်လင့်ချက်တွေ ထားရှိလာခဲ့ကြပြန်ပါတယ်။ ခေါင်းဆောင်သစ် ထွက်ပေါ်လာတိုင်း မျှော်လင့်ချက်တွေ ထားရှိတတ်ကြစမြဲဖြစ်ပြီး ဒီမျှော်လင့်ချက်တွေဟာ ၂၀၂၂ ခုနှစ်မှာ မလေးရှားဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ အန်ဝါ အီဘရာဟင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ယုံကြည်မှုကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်ကလည်း အခုလို မျှော်လင့်ချက်တွေ ထားရှိခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အင်ဒို-ပစိဖိတ်ဖိုရမ်နဲ့ ဒစ်ဂျစ်တယ် စီးပွားရေး မူဘောင်သဘောတူညီချက်တို့လို အရေးပါတဲ့ တိုးတက်မှုအချို့ ရရှိအောင် စွမ်းဆောင်ခဲ့ပေမဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကိုတော့ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
အခုအခါမှာ မလေးရှားနိုင်ငံဟာလည်း အလားတူ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ နိုင်ငံတကာရေးရာ ကိစ္စတွေမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ ခိုင်မာတဲ့ ပြောဆို ရပ်တည်ချက်တွေကြောင့် မြန်မာ့အကျပ်အတည်းလို အာဆီယံရင်ဆိုင်နေရတဲ့ ကြီးထွားလာတဲ့ စိန်ခေါ်မှုတွေကို ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရေးမှာ မလေးရှားနိုင်ငံဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ အားကိုးတကြီးနဲ့ မျှော်လင့်လာကြပါတယ်။ ဝန်ကြီးချုပ် အန်ဝါ ပြောဆိုထားတဲ့အတိုင်း မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စတွေကိုတော့ မလေးရှားရဲ့ အလှည့်ကျဥက္ကဋ္ဌ ကာလအတွင်းမှာ ထိပ်တန်းဦးစားပေးအနေနဲ့ ဆွေးနွေးသွားနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အာဆီယံအနေနဲ့ ဖြေရှင်းပေးနိုင်ခြင်း မရှိမှုဟာ အရှေ့တောင်အာရှမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အာဆီယံရဲ့ တည်ရှိမှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သံသယတွေ မြင့်တက်စေခဲ့ပါတယ်။ နောက်ပြီး မြန်မာ့အရေး အပါအဝင် ဒေသတွင်းကိစ္စတွေမှာ တိကျပြတ်သား ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ ကြားဝင်မစွက်ဖက်ရေး ကတိကဝတ်နဲ့ ဘုံသဘောတူညီမှုအပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက် ချမှတ်ရေးမူတွေ အပါအဝင် အာဆီယံရဲ့ အဓိကအနှစ်သာရလို့ပြောတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီးလည်း မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။
အန်ဝါကတော့ အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်မဖြေရှင်းခင်မှာ အာဆီယံရဲ့ အတွင်းပိုင်း လုပ်ငန်းစဉ်ယန္တရားကို မြှင့်တင်သွားရေး အရင်ဦးစားပေး လုပ်ဆောင်သွားသင့်တယ်လို့ သူ ဝန်ကြီးချုပ်ဖြစ်လာချိန်ကတည်းက အကြံပြု ပြောကြားခဲ့ပါတယ်။ မြန်မာ့အရေးမှာ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ လိုက်နာ ဆောင်ရွက်သွားဖို့ စစ်ကောင်စီကို တိုက်တွန်းရာမှာ ပိုမိုခက်ထန် မာကြောတဲ့ ရပ်တည်ချက်တွေ လိုအပ်တယ်လို့ မလေးရှားနိုင်ငံက ဆက်လက် ယုံကြည်ထားပါတယ်။ နောက်ပြီး မလေးရှားနိုင်ငံဟာ မြန်မာပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာပုဂ္ဂိုလ် အသီးသီးတို့နဲ့အတူ ကြားဝင်စေ့စပ် ညှိနှိုင်းပေးသွားလိုတဲ့ သူ့ရဲ့ဆန္ဒ သဘောထားကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အရေးဟာလည်း နောက်ထပ် ခက်ခဲတဲ့ အကျပ်အတည်းတခု ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းဆိုင်ရာ နယ်မြေပိုင်နက် အငြင်းပွားမှုပြဿနာထဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ မလေးရှားနိုင်ငံအနေနဲ့ သူ့ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကာလအတွင်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တည်ငြိမ်အေးချမ်းစေရေးကိုလည်း အဓိကထား လုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးအဖြစ် ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ်ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်သဘောတူညီချက် COC ကို အပြီးသတ် ရေးဆွဲသွားဖို့ ဝန်ကြီးချုပ် အန်ဝါက တောင်းဆိုခဲ့ပါတယ်။ ဒီ COC သဘောတူညီချက်ကိုတော့ တောင်တရုတ်ပင်လယ်မှာ ပဋိပက္ခ ဖြစ်ပွားမှုကို ကြိုတင်တားဆီးနိုင်ဖို့နဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေကို စီမံဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်ကတည်းက ဆွေးနွေးညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်ခဲ့ပေမဲ့ တိုးတက်မှု အနည်းငယ်သာ ရရှိထားတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မလေးရှားနိုင်ငံဟာ လက်ရှိမှာ အာဆီယံနဲ့ တရုတ်နိုင်ငံတို့ကြား အဓိက ချိတ်ဆက်ညှိနှိုင်းပေးရတဲ့ အလှည့်ကျ ညှိနှိုင်းရေးမှူး တာဝန်ကိုပါ ရယူထားရတဲ့အတွက် ဝန်ကြီးချုပ် အန်ဝါ အနေနဲ့ ဒီညှိနှိုင်းရေးမှူးတာဝန်ကို အသုံးချပြီး ဘေဂျင်းကို ဆွေးနွေးပွဲ စားပွဲဝိုင်း ရောက်အောင် ဘယ်လို ဆောင်ကြဉ်းသွားမလဲဆိုတာနဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ နှောင့်နှေးကြန့်ကြာနေတဲ့ COC သဘောတူညီချက်ကို အပြီးသတ်ရေးဆွဲနိုင်ရေး ဘယ်လို တွန်းအားပေး ဆောင်ရွက်သွားမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
မလေးရှားနိုင်ငံဟာ ဘယ်လိုချဉ်းကပ်မှုပုံစံကိုပဲ အသုံးပြုသည်ဖြစ်စေ ဘုံသဘောတူညီမှုကို အခြေပြုထားတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက် ချမှတ်ရေးမူဘောင်ကို ကျော်လွန် လုပ်ကိုင်နိုင်ဖို့ဆိုတာ မလေးရှားအတွက် ကန့်သတ်ချက်တွေ ရှိနေနိုင်ပါတယ်။ နောက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ မကြာသေးခင်ကာလအတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှုကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် မလေးရှားအနေနဲ့ အထူးသဖြင့် မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေမှာ အရေးပါတဲ့ အပြောင်းအလဲတွေ ရရှိအောင် စွမ်းဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
လက်ရှိမှာ အာဆီယံဟာ ခေါင်းဆောင်သစ်များစွာနဲ့ ဆက်ဆံနေရတာ ဖြစ်ပါတယ်။ စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်၊ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်တို့ဟာ မကြာသေးခင် လများအတွင်းမှာမှ ဝန်ကြီးချုပ်တွေ ဖြစ်လာခဲ့သလို ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်နဲ့ လာအိုဝန်ကြီးချုပ် ဆွန်ဇိုင်း ဆီဖန်ဒွန်းတို့ဟာလည်း ၂၀၂၂ ခုနှစ်မှာမှ အာဏာရလာခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်မှာ ခေါင်းဆောင်ပိုင်းဆိုင်ရာ သမိုင်းဝင်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ဟွန်မာနက်က ဝန်ကြီးချုပ် ဖြစ်လာခဲ့သလို အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်လည်း ပရာဘိုဝို ဆူဘီယန်တိုက အခုလထဲမှာ သမ္မတသစ် ဖြစ်လာမှာပါ။ အားလုံးခြုံကြည့်မယ်ဆိုရင် ဘရူနိုင်းနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာ ခေါင်းဆောင်သစ်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာ့အရေးလို ဒေသတွင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရေး ချဉ်းကပ်ရာမှာ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေတာနဲ့ပတ်သက်လို့ ဝေဖန်ခံရမှုတွေ ရှိနေချိန်မှာပဲ ဒေသတွင်းမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှုဟာ ဦးစားပေးကိစ္စတွေအပေါ် သက်ရောက်မှုတွေ များစွာ ရှိစေခဲ့ပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အာဏာလွှဲပြောင်းမှု အစောပိုင်းနှစ်တွေမှာ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေထက် ကိုယ့်နိုင်ငံ နိုင်ငံရေးအရ တည်ငြိမ်မှုရှိရေး၊ အာဏာတည်ဆောက်ရေး စတဲ့ ပြည်တွင်းရေးကိစ္စတွေကိုပဲ ဦးစားပေး လုပ်ဆောင်ကြတာ ဓမ္မတာ ဖြစ်ပါတယ်။ အဲဒီလို အချက်တွေကြောင့်ပဲ ပိုမို ပေါင်းစည်းညီညွတ်တဲ့ အာဆီယံ ဖြစ်ဖို့အတွက် အချိန်ယူရဦးမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
ဒါကြောင့်ပဲ အာဆီယံအဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည် အသက်ဝင်လာစေဖို့အတွက် လာမယ့်နှစ်မှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံအပေါ် မျှော်လင့်ချက်တွေ ထားရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မလေးရှားနိုင်ငံ တနိုင်ငံတည်းအပေါ်မှာပဲ အခုလို မျှော်လင့်ချက်တွေ ပုံအပ်ထားတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ထဲမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နေကြတဲ့ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့ အပေါ်မှာလည်း မျှော်လင့်ချက်တွေ တန်းတူ ထားရှိသင့်ပါတယ်။ မြန်မာ့အရေးလို ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို မလေးရှားနိုင်ငံ တနိုင်ငံတည်းနဲ့လည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ရှိရင်းစွဲ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့ တာဝန်ကို မေ့ထားပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက တပြေးညီ ပါဝင်ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဆိုရရင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံအပေါ် မျှော်လင့်ချက်တွေ လွန်ကဲမှုဟာ သဘာဝမကျလှပါဘူး။ တနှစ်ဆိုတဲ့ အချိန်ကန့်သတ်ချက် အတွင်းမှာ မြန်မာ့အကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်အရေးတို့လို ကာလကြာ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ပြန်လည်ဖြေရှင်းနိုင်ဖို့ဆိုတာ မလေးရှား အပါအဝင် ဘယ်နိုင်ငံအတွက်မဆို ခက်ခဲနိုင်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ သူ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကာလအတွင်းမှာတော့ ပိုမိုပေါင်းစည်းညီညွတ်တဲ့၊ အနာဂတ်မှာ ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုတွေအတွက် ခံနိုင်ရည်ရှိတဲ့၊ ရှေ့ရေးကို မျှော်တွေးနိုင်တဲ့ အာဆီယံအဖွဲ့ ဖြစ်လာစေဖို့အတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တွေနဲ့ မဟာဗျူဟာမြောက် ရေရှည် အစီအမံတွေကိုတော့ ဖော်ဆောင်ကောင်း ဖော်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဘာသာပြန်-ရာစုသစ်
Ref: The Interpreter/ Lowy Institute