မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျလီခရိုင်ထဲမှာ မြန်မာနိုင်ငံသားတယောက် ကျားဆွဲခံရပြီး သေဆုံးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်၊၊
အောက်တိုဘာ ၁၆ ရက် မလေးစံတော်ချိန် ည ၈ နာရီဝန်းကျင် ဟင်းချက်ဖို့ ပြင်ဆင်နေချိန် ကျားဆွဲခံခဲ့ရတာပါ။
သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ် ဟုန်းရှိန်းဖေ ဆိုသူဖြစ်ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ်ကနေ မလေးရှားနိုင်ငံက စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ် ဝန်းကျင်ရှိပြီလို့ သိရပါတယ်။
မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို အကူအညီပေးသူတယောက်က “မနေ့ညက ၈ နာရီ ၁၅ လောက်မှာ ဖြစ်တာဆိုတော့ သူတို့ အနီးဝန်းကျင်တွေရှာပြီး ဒီမနက်မှ ဆက်ရှာကြတာ ပြန်တွေ့သွားပြီ ညာဘက်ခြေထောက်တဖက်ကတော့ ကျားကိုက်ထားတာ ပေါင်ရင်းကနေ ပြတ်သွားတယ်၊ အလောင်းကိုတော့ လောလောဆယ် ဆေးရုံပို့ထားတယ်၊ သင်္ဂြိုဟ်ဖို့ အစီအစဉ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်မှာ ကျားနဲ့ ဆင် ပေါများတဲ့အတွက် တောတောင်တွေမှာ စိုက်ပျိုးရေး လုပ်ကိုင်တဲ့ အလုပ်သမားတွေ သတိထား နေထိုင်ကြဖို့ မြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။