မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၈၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်က ဂျိုဟိုးပြည်နယ်၊ စီနိုင်းမြို့မှာ အထောက်အထားမဲ့ မြန်မာအမျိုးသမီး ၄၈ ယောက်၊ ဂျိုဟိုးမြို့မှာ မြန်မာအပါအဝင် နိုင်ငံခြားသား ၃၅ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်တဲ့ စက်ရုံ၊ စားသောက်ဆိုင်တွေနဲ့ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
မလေးရှားရောက် မြန်မာအရေး အကူအညီပေးသူတယောက်က “မလေးရှားအစိုးရက ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင် နိုင်ငံခြားသားတွေ ဒဏ်ငွေဆောင်ပြီးမှ ကိုယ်နိုင်ငံကိုယ်ပြန်ကြဖို့ ထုတ်ပြန်ထားပြီး ပြန်တာတွေ နည်းတဲ့အတွက် အော်ပရာစီကို ပိုပြီးတော့မှ လုပ်ဆောင်လာတာ ဖြစ်တယ်။ အရင်ကထက် အဖမ်းအဆီးတွေ ပိုများလာတယ်။ စက်ရုံ၊ စားသောက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာရှိသလို ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှုကြောင့် နေအိမ်အထိ လာဖမ်းတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို တရားမဝင်နေထိုင်မှု အက်ဉပဒေ ၆(၁)(ဂ) နဲ့ တရားစွဲ အရေးယူသွားမယ်လို့ သိရပါတယ်။
အခုလအတွင်း မလေးရှားနိုင်ငံ နေရာအနှံ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၂၀၀ ကျော်ရှိပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။