လူကုန်ကူးမှုနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မလေးဘာသာရေးအဖွဲ့တဖွဲ့က အဖွဲ့ဝင်တွေဟာ ရဲတပ်ဖွဲ့က အကြီးအကျယ် နှိမ်နင်းနေတဲ့ ကြားက ပြစ်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဂေဟာ ၂၀ လောက်မှာ အသက်မပြည့်သေးသူ ၄၀၂ ယောက်ကို ရဲက ဝင်ရောက်ကယ်တင်ခဲ့ရအပြီးမှာ အစ္စလာမ္မစ်ဂလိုဘယ် အစ်ခ်ဝန်အဖွဲ့ (GISB) အကြောင်းဟာ ကမ္ဘာ့သတင်းတွေမှာ ထင်ရှားခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက အာဏာပိုင်တွေက ဆရာတွေနဲ့ ကလေးစောင့်ရှောက်သူတွေ အပါအဝင် သံသယရှိသူ ၁၇၁ ယောက်ကို ဖမ်းဆီးခဲ့ပေမဲ့ အဖွဲ့ရဲ့ ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထပ်ပေါ်လာတဲ့အတွက် နောက်ထပ် လူရာချီ ထပ်ဖမ်းထားတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၄၁၂ ယောက်ထိရှိပြီး ကယ်ဆယ်ထားရတဲ့ အရွယ်မရောက်သေးသူ ၆၂၅ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။
အဲဒီထဲက တချို့တွေဟာ ကလေးတွေကို ခြိမ်းခြောက်ပြီး အဓမ္မစေခိုင်းမှုတွေပါ လုပ်ခဲ့တယ်ဆိုတာ ထပ်မံတွေ့ရှိခဲ့ပါတယ်။
ထိခိုက်ခဲ့သူတွေဟာ အသက် တနှစ်ကနေ ၁၇ နှစ်ကြား အရွယ်တွေဖြစ်ပြီး GISB နဲ့ ပတ်သက်တဲ့ စောင့်ရှောက်ရေးဂေဟာတွေမှာ အလွဲသုံးစားလုပ်မှုအမျိုးမျိုးနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
စောင့်ရှောက်သူဆိုသူတွေက ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုပြုတာ၊ အခြားကလေးတွေနဲ့ လိင်မှုကိစ္စတွေ လုပ်ဆောင်ခိုင်းတာတွေပါ ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂ နှစ်လောက်ပဲရှိသေးတဲ့ ကလေးတွေကို မိသားစုနဲ့ ခွဲထားပြီး လက်တွေ့လေ့ကျင့်တယ်ဆိုပြီး ခိုင်းစေတာ၊ စည်းကမ်းဖောက်တယ်ဆိုပြီး ထိုင်ထ အကြိမ် ၅၀၀ အထိ လုပ်ခိုင်းတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
GISB ဟာ နိုင်ငံ ၂၀ မှာ လုပ်ငန်းရာချီ လုပ်ကိုင်နေပြီး ဟိုတယ်၊ စားသောက်ကုန်နဲ့ ပညာရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။
မလေးရှားအောက်လွှတ်တော်မှာ အင်္ဂါနေ့က GISB နဲ့ ပတ်သက်ပြီး အထူးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
Source-Reuters