အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ပတ်သာ လိုတော့ချိန်မှာ ကမ်မလာဟားရစ်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ဟာ အဆုံးအဖြတ် ပြည်နယ်တွေမှာ အပြိုင်မဲဆွယ်ရင်း အပြန်အလှန် ထိုးနှက်မှုတွေ ပြုလုပ်နေပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ထရမ့်ပ်က မက်ဒေါ်နယ်ဆိုင်မှာ အာလူးချောင်းကြော်ရောင်းရင်း ဟားရစ်ဟာ ငယ်ငယ်တုန်းက မက်ဒေါ်နယ်မှာ အလုပ်လုပ်ဖူးတယ်ဆိုတဲ့ ကိစ္စဟာ လိမ်လည်မှုလို့ ထိုးနှက်ဝေဖန်ခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာ ရောက်နေတဲ့ ဟားရစ်ကလည်း မဲဆွယ်နေရတဲ့ ထရမ့်ပ်ဟာ “မောပန်း၊ မတည်မငြိမ်ဖြစ်နေပြီး သမ္မတဖြစ်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိဘူး” လို့ ထိုးနှက်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ မက်ဒေါ်နယ်ဆိုင်တဆိုင်မှာ အာလူးချောင်းကြော်တာသင်ပြီး ကားပေါ်က မှာလို့ရတဲ့ drive-through ပြတင်းပေါက်ကနေ စျေးရောင်းပေးခဲ့ပါတယ်။ ကမ်မလာထက် သူ ၁၅ မိနစ်ပိုပြီး မက်ဒေါ်နယ်မှာ လုပ်ဖူးသွားပြီလို့ပါ ထရမ့်ပ်က ခနဲ့ခဲ့ပါတယ်။
ဒုသမ္မတ ကမ်မလာဟားရစ်ဟာ ၁၉၈၃ နွေရာသီတုန်းက မက်ဒေါ်နယ်မှာ ငွေကိုင်၊ ရေခဲမုန့်နဲ့ အကြော်စက်ကိုင် လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒီအချက်ဟာ မခိုင်မာဘဲ သူလိုကိုယ်လို လူငယ်ဘဝ ဖြတ်သန်းခဲ့ရတယ် ဆိုတာမျိုး ဇာတ်နာအောင် ဆင်တာလို့ ထရမ့်ပ်က စွပ်စွဲထားပါတယ်။
အောက်တိုဘာ ၂၀ ရက်ဟာ ကမ်မလာဟားရစ်ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမှာရှိတဲ့ လူမည်းဘုရားကျောင်းတကျောင်းကို သွားရောက်ခဲ့တဲ့ ဟားရစ်က “ဝရုန်းသုန်းကား၊ အကြောက်တရားနဲ့ အမုန်းတရား” ကို ဆန့်ကျင်မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဘုရားကျောင်းတက်သူတွေက ဟားရစ်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Source-Reuters