Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်က မဲဆန္ဒရှင်များကို တနေ့ ဒေါ်လာ ၁ သန်း မဲဖောက်ပေး
DVB
·
October 21, 2024
Photo-Reuters

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ နိုဝင်ဘာ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်မီအထိ အဓိကအဆုံးအဖြတ်ဖြစ်လာမယ့် ပြည်နယ်တွေက မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေကို တနေ့ကို ဒေါ်လာ ၁ သန်း Give away အနေနဲ့ မဲဖောက် ပေးအပ်နေပါတယ်။

ထရမ့်ပ်အတွက် မဲဆွယ်ပေးတာဖြစ်သလို တဖက်လှည့်နဲ့ မဲပေးဖို့ ပိုက်ဆံပေးသလို ဖြစ်နေတဲ့အတွက် ဥပဒေနဲ့မညီဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒေါ်နယ်ထရမ့်ပ်ကို ပံ့ပိုးဖို့ မတ်စ်ခ်ထူထောင်ထားတဲ့ AmericaPAC ရဲ့ တောင်းဆိုလွှာကို လက်မှတ်ထိုးတဲ့သူတွေထဲက ကျပန်းရွေးချယ်ပေးတာ ဖြစ်ပါတယ်။

ထီဖွင့်သလို ရွေးချယ်မှုမှာ စနေနေ့က ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က လူထုစုဝေးပွဲ တက်တဲ့သူတယောက် မဲပေါက်ပြီး ချက်လက်မှတ် ရသွားပါတယ်။ တနင်္ဂနွေနေ့ကလည်း နောက်ထပ်တယောက် ထပ်ပေါက်သွားပါတယ်။

ဒီမဲဝင်နှိုက်ဖို့ရာ ပင်ဆယ်လ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ နီဗားဒါး၊ အရီဇိုးနား၊ မီရှီဂန်၊ ဝစ္စကွန်ဆင်၊ မြောက်ကာရိုလိုင်းနားပြည်နယ်တွေက မဲဆန္ဒရှင်တွေ အကျုံးဝင်ပါတယ်။

ဒီပြည်နယ်တွေဟာ ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲဆိုတာ အဓိက ဆုံးဖြတ်ပေးမဲ့ ဘယ်ဘက်ကိုမဆို ပါသွားနိုင်တဲ့ swing states လို့ တင်စားတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ လက်နက်ကိုင်ဆောင်ခွင့်လို အရေးကြီးတဲ့ လူ့အခွင့်အရေးတွေကို ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေ ပထမနဲ့ ဒုတိယ ဖြည့်စွက်ချက်ကို ထောက်ခံကြောင်းနဲ့ ဆက်လက်ကိုင်စွဲဖို့ တောင်းဆိုလွှာမှာ လက်မှတ်ထိုးရုံနဲ့ မဲပေါက်နိုင်ခြေရှိတဲ့အတွက် ရွေးကောက်ပွဲနဲ့ မဆိုင်ဘူးဆိုတဲ့ပုံစံ လုပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ အဆုံးအဖြတ်ပြည်နယ်တွေက မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေပဲ ကံစမ်းလို့ရမှာ ဖြစ်တဲ့အတွက် ဒီမှာလက်မှတ်ထိုးဖို့ဆိုရင် မဲပေးဖို့ မဖြစ်မနေ မှတ်ပုံတင်ရမယ့် သဘောလည်း ဖြစ်သွားပါတယ်။

ပင်ဆယ်လ်ဗေးနီးယားမှာဆိုရင် မတ်စ်ခ်က အဲဒီတောင်းဆိုလွှာမှာ လက်မှတ်ထိုးတဲ့သူတိုင်းကို ဒေါ်လာ ၁၀၀ ပေးသလို နောက်တယောက်ကို ညွှန်းပေးရင် နောက်ထပ် ဒေါ်လာ ၁၀၀ ထပ်ပေးပါတယ်။ တခြား အဆုံးအဖြတ်ပြည်နယ်တွေမှာတော့ ညွှန်းပေးရင် ၄၇ ဒေါ်လာ ထပ်ပေးပါတယ်။

အမေရိကန်ရွေးကောက်ပွဲ ဥပဒေအရ မဲပေးဖို့ ဘယ်သူ့ကိုမှ ပိုက်ဆံပေးပြီး မဲဆွယ်လို့ မရပေမဲ့ ထရမ့်ပ်ကို ထောက်ခံတဲ့ မဲဆန္ဒရှင်တွေ စုစည်းဖို့ အခုလို တဖက်လှည့်နဲ့ ပိုက်ဆံပေးတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ဘယ်သူ့ကို မဲပေးဖို့ဆိုပြီး ပိုက်ဆံပေးမှ တရားမဝင်တာ မဟုတ်ဘဲ မဲပေးဖို့ မက်လုံးပေးရင်တောင် တရားမဝင်ပါဘူး။

ရေခဲမုန့်ကုမ္ပဏီကြီး Ben & Jerry's က ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့သူတိုင်းကို ရေခဲမုန့် အလကားပေးဖို့ စီစဉ်ခဲ့ပေမဲ့ ဥပဒေနဲ့ မညီတဲ့အတွက် မဲပေးပေး၊ မပေးပေး လူတိုင်းကို အလကားဝေတဲ့ အစီအစဉ်အဖြစ် ပြောင်းခဲ့ရဖူးပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013