မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးကျေးရွာကို ရိက္ခာပို့ဆောင်ပေးနေတဲ့ မော်တော်ယာဥ်တွေကို အောက်တိုဘာ ၁၉ ရက်မှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “သတင်းရလို့ မြိုင်မြို့နယ်ထဲက သရက်ကွပျူရွာကို ရိက္ခာပို့တဲ့ကား ၂ စီးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ပုဂ္ဂလိကပိုင်ယာဥ်တွေကို စစ်တပ်ကချောဆွဲပြီး အခုလို ရိက္ခာပို့ခိုင်းနေတာပါ။ ဖမ်းမိတဲ့ကား ၂ စီးပေါ်မှာ ပါလာတဲ့ ယာဥ်မောင်းနဲ့ ယာဥ်ပိုင်ရှင်တွေကိုစစ်ဆေးပြီး ကားတွေနဲ့အတူ ပြန်လွှတ်ပေးလိုက်ပါပြီ။ ရိက္ခာပစ္စည်းတွေကိုတော့ သိမ်းထားလိုက်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က ပြည်သူပိုင်ယာဥ်တွေကို ချောဆွဲပြီး သရက်ကွပျူစောထီးကျေးရွာကို ရိက္ခာပို့ဖို့ စေလွှတ်တဲ့ မော်တော်ယာဥ်တွေဟာ လိုက်ထရပ်အမျိုးအစားမော်တော်ယာဥ် ၂ စီးဖြစ်ပြီး ယာဥ်တွေပေါ်မှာ သယ်ဆောင်လာတဲ့ ဆန်အိတ် ၅၀ နဲ့ ဆား ၅၀ ကီလိုဂရမ် ၁ အိတ်တို့ကို သိမ်းဆည်းထားလိုက်တာလို့ ဆိုပါတယ်။
ပခုက္ကူမြို့ပေါ်မှာရှိတဲ့ မော်တော်ယာဥ်အစီးရေ ၁၀၀ နီးပါးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ တပ်က ချောဆွဲပြီး ပေါက်မြို့နယ်ထဲက ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့ခိုင်းနေတယ်လို့လည်း သိရပါတယ်။
“ပခုက္ကူမြို့ပေါ်က ကားအစီး ၁၀၀ နီးပါးကို တပ်မ ၁၀၁ က ကောင်တွေက ချောဆွဲပြီး ပေါက်ဘက်က ပျူရွာတွေကို ရိက္ခာပို့ခိုင်းတာတွေလုပ်နေတယ်။ အဲ့ဒိကိစ္စကိုလည်း ကျနော်တို့ စောင့်ကြည့်နေပါတယ်ေ ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတာ သူတို့ဘက်က သိအောင် ကနဦးပြောချင်ပါတယ်” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က ပြောပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေမှာရှိတဲ့ ပျူစောထီးကျေးရွာတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၀ိုင်း၀န်းပိတ်ဆို့ထားတာကြောင့် ပျူစောထီးကျေးရွာတွေအတွင်း ရိက္ခာပြတ်လပ်မှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေတဲ့အတွက် အဆိုပါ ပျူစောထီးကျေးရွာတွေက ပျူစောထီးအများအပြားဟာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ၀င်ရောက်ခိုလှုံလာနေကြတယ်လို့လည်း မြိုင်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
Photo - မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုန်