Home
မြန်မာသတင်း
ဒေါ်လာနှင့် ဘတ်ငွေ ဈေးကျသော်လည်း  ကုန်ဈေးနှုန်းများ မကျဆင်း
DVB
·
October 18, 2024

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေ သန်းချီ ထုတ်ရောင်းတာကြောင့် ပြည်တွင်းမှာ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း သိသိသာသာ ကျဆင်းသွားပေမယ့်၊ ကုန်ဈေးနှုန်းတွေက ကျဆင်းမသွားပါဘူး။ 

စစ်ကောင်စီ ဗဟိုဘဏ်က သီတင်းကျွတ် ရုံးပိတ်ရက် မတိုင်ခင် အောက်တိုဘာ ၁၅ ရက်က အမေရိကန်ဒေါ်လာ ၆ သန်း‌ကျော်နဲ့ ထိုင်းဘတ်ငွေ ၁၉၉ ဒသမ ၉ သန်း ထပ်မံ ထုတ်ရောင်းခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ တဒေါ်လာကို ၃,၅၅၄ ကျပ်၊ ထိုင်းဘတ်ငွေ တဘတ်ကို ၁၁၅ ဒသမ ၉ ကျပ်နှုန်းနဲ့ အွန်လိုင်းပလက်ဖောင်းကတဆင့် ထုတ်ရောင်းခဲ့တာပါ။ လက်ရှိ ပြင်ပမှာ တဒေါ်လာကို ငွေကျပ် ၄၄၀၀ ကျော်၊ ထိုင်းဘတ် တဘတ်ကို ၁၃၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေပါတယ်။

ဒေါ်လာဈေးနဲ့ ဘတ်ငွေဈေးက တရိပ်ရိပ် ကျဆင်းနေပေမဲ့ ပြည်တွင်းမှာတော့ အခြေခံ စားသောက်ကုန်အပါအဝင် ကုန်ဈေးနှုန်းတွေ ကျဆင်းသွားတာ မရှိဘူးလို့ အရောင်းအဝယ် လုပ်ကိုင်သူတွေနဲ့ ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့နေ မသီရိက “အဓိက တက်နေတာ စားသောက်ကုန်ပဲ။ အထူးသဖြင့် အသား၊ ငါး၊ အသီးအရွက်ဈေးတွေ အရမ်းတက်တယ်။ ဥပမာ- ဝက်သားဆိုရင် တပိဿာ  ကျပ် ၁၈၀၀၀၊ ၂၀၀၀၀ ကနေ အခုဆိုရင် ကျပ် ၂၂၀၀၀၊ ၁၀ သားဆိုရင် ကျပ် ၁၈၀၀ ကနေ အခု ၂၂၀၀ ပေါ့။ ကြက်သားဆိုရင်လည်း အဲ့ဈေးပဲ။ အရင်က ၁၈၀၀၊ ၂၀၀၀ ကနေ အခု ၂၂၀၀၊ ငါးကြင်းတို့ ဘာတို့ဆိုရင် အရင်က ၁၆၀၀၊ ၁၇၀၀ ကနေ အခု ၁၈၀၀၊ ၂၀၀၀ ပေါ့။ အဲ့လိုပေါ့ ၂၀၀၊ ၃၀၀ လောက် တက်တယ်။ အဲ့တော့ ဝယ်တဲ့သူက အရင်က အစိတ်သားရတယ်ဆိုရင် အခုက ၂၀ သားပဲ ရတော့တယ်။ ဉပမာ - ၅၀၀၀ ဖိုး ဝယ်မယ်ဆိုရင် ၃၀ သားရခဲ့ရင် အခုက ၂၀ သား၊ အစိတ်သားပဲ ရတော့တယ်။ စားရတဲ့ ပမာဏက နည်းသွားတယ်။ ကြက်ဥဆိုရင် အရင်က ၁၀ လုံး တကတ်ကိုကျပ် ၃၇၀၀၊ ၃၈၀၀ အခုဆို ၄၀၀၀ ဖြစ်သွားတယ်။ ဘဲဥဆိုရင် တလုံး ကျပ် ၅၀၀ ပေါ့။ အရင်တုန်းက ၄၅၀ ကနေ ၁၀ လုံး ၅၀၀၀”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာကို ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ကျော်၊ ထိုင်းဘတ်ငွေ တဘတ်ကို မြန်မာငွေ ၂၀၀ ကျပ်နီးပါးအထိ မြင့်တက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာနဲ့ ဘတ်ကို သန်းရာချီ ထုတ်ရောင်းခဲ့သလို တရုတ်ယွမ်ငွေကိုလည်း သန်းပေါင်းများစွာ ထုတ်ရောင်းခဲ့ပါတယ်။

ကုန်ဈေးနှုန်းတွေ ကျဆင်းမသွားတဲ့ အဓိက အကြောင်းရင်းက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အပြည့်အဝ မလည်ပတ်နိုင်သေးတာနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ထားတဲ့ ပို့ကုန်/သွင်းကုန် မူဝါဒတွေကြောင့်လည်း ပါဝင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

လုပ်ငန်းရှင်တယောက်ဖြစ်တဲ့  ဦးမင်းဦးက “ပထမတချက်တော့ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတွေမှာလည်း အရင်ကလို အပြည့်အဝ မလည်ပတ်နိုင်ဘဲ တပိုင်းတစပဲ သွားနေတဲ့ အနေအထားပဲ ဖြစ်တယ်။ ဒီနိုင်ငံက Import/Export ကို မှီခိုနေရတာ ဖြစ်တဲ့အတွက် တခြားနိုင်ငံက ဝင်လာတဲ့ပစ္စည်းတွေက နယ်စပ်ကနေမှ တခြားဒေသတွေကို ရောက်လာဖို့အတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ ရှိတယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းတလျှောက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒါက ကုန်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှု ရှိနေတယ်။ နောက်ဆုံးတခုကတော့ နိုင်ငံရေးအခြေအနေအရက ကုန်ဈေးနှုန်းကျဖို့က ခက်နေတယ်။ အရင် နိုင်ငံရေး ခေတ်ကောင်းစဉ်နဲ့ မတူတော့ဘူးလေ။ အရင်က လွယ်လွယ်ကူကူဝယ်လို့ ရတဲ့ ပစ္စည်းက အခုချိန်မှာ လွယ်လွယ်ကူကူ ဝယ်မရဘူး။ အလွယ်တကူ ဝယ်မရခြင်းနောက်ကွယ်မှာ ကုန်ဈေးနှုန်းတက်တာ ဖြစ်လာတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကစလို့ စက်တင်ဘာလကုန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်အထိ ထုတ်ရောင်းထားပါတယ်။ အဲဒီလိုပဲ ထိုင်းဘတ်ငွေနဲ့ တရုတ် ယွမ်ငွေတို့ကိုလည်း ဗဟိုဘဏ်ကနေ ၂ လတာအတွင်း ခပ်စိတ်စိတ် ထုတ်ရောင်းတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဒေါ်လာဈေး ငွေကျပ် ၄၅၀၀ အောက်ထိ ပြန်ကျလာတာနဲ့အတူ ပြည်တွင်းမှာ ကျဆင်းသွားတာက စားအုန်းဆီ ဈေးနှုန်းပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် စားအုန်ဆီ ပြင်ပပေါက်ဈေးက တပိဿာကို ငွေကျပ် ၂၀၀၀၀ ဝန်းကျင်အထိ ရောက်ခဲ့ပြီး လက်ရှိမှာတော့ တပိဿာကို ကျပ် ၁၁၀၀၀ ဝန်းကျင် ကျဆင်းလာပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ ဆီထုတ်လုပ်မှု တိုးမြှင့်ပြီး ပြည်ပကနေ ဆီတင်သွင်းမှုကို လျှော့ချဖို့လည်း ကြိုးစားနေပါတယ်။ 

 ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013