Home
မြန်မာသတင်း
ဒေါ်လာဈေး ၄၈၀၀ ကျပ်အောက် ရောက်လာ
DVB
·
September 28, 2024

ဩဂုတ်လအတွင်းက အမေရိကန်တဒေါ်လာကို ကျပ် ၇,၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ ဒေါ်လာ ဝယ်ဈေး ၄,၇၅၀ ကျပ်၊ ရောင်းဈေး ၄,၈၅၀ ကျပ် အထိ ပြန်ကျလာပါတယ်။

စက်တင်ဘာ ၁ ရက်နေ့တုန်းက အမေရိကန် တဒေါ်လာ ရောင်းဈေး ၅,၅၀၀ ကျပ်၊ ဝယ်ဈေး ၅,၆၅၀ ကျပ်ရှိခဲ့တာကြောင့် တဒေါ်လာကို ၇၅၀ ကျပ် ဝန်းကျင် ပြန်ကျလာတာဖြစ်ပါတယ်။

စစ်ကောင်စီဩဇာခံဗဟိုဘဏ်ဟာ ဩဂုတ်လလယ်ပိုင်းကစတင်ပြီး ဒေါ်လာသန်းပေါင်းများစွာ ထုတ်ရောင်းနေခဲ့ပြီး စက်တင်ဘာလအထိ သန်း ၂၀၀ အထက် ထုတ်ရောင်းထားခဲ့ပြီး အဲဒီလို ထုတ်ရောင်းနေတာကြောင့် ဒေါ်လာဈေးဟာ တဖြည်းဖြည်းချင်း ပြန်ကျလာခဲ့တာဖြစ်ပါတယ်။

ဈေးကွက် စောင့်ကြည့်သူတွေကတော့ ဗဟိုဘဏ်ဟာ ဒေါ်လာဈေး အဆမတန် မြင့်တက်တာကို ဒေါ်လာသန်းရာချီထုတ်ရောင်းပြီး ရေတိုနည်းနဲ့ ဖြေရှင်း‌နေတာလို့ သုံးသပ်ကြပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းကလည်း မြန်မာငွေတန်ဖိုး ထိုးကျပြီး အမေရိကန်တဒေါ်လာကို ကျပ် ၅,၀၀၀ ကျော်အထိ တက်လာပြီးခဲ့တဲ့နောက်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တကြိမ် ထုတ်ရောင်းခဲ့ပါသေးတယ်။

အဲဒီလို ထုတ်ရောင်းပြီး တပတ်အတွင်းမှာ ဒေါ်လာ‌ဈေးက ၃,၅၀၀ ကျပ် ဝန်းကျင်အထိ ပြန်ကျသွားခဲ့ပေမဲ့ ရေရှည်မှာတော့ ဒေါ်လာဈေးက တဖြည်းဖြည်း ပြန်တက်လာခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ထိုးကျနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းမှာ ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုလျော့ကျအောင်ဆိုပြီး ဘဏ်တိုးနှုန်းတွေ ကိုလည်း တိုးမြှင့် သတ်မှတ်ခဲ့ပါသေးတယ်။

ဘဏ်တွေက အပ်ငွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းတိုးမြှင့် သတ်မှတ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စတင် အသက်ဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပို့ကုန်လုပ်ငန်းရှင်တွေဆီက ပို့ကုန်ရငွေတွေကို တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်ခိုင်းနေတဲ့ပမာဏကိုလည်း တဖြည်းဖြည်းနဲ့လျှော့ချလာခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်အတွင်းမှာတော့ အရင်က ပို့ကုန်ရငွေ စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်း လဲခိုင်းနေရာကနေ ၂၅ ရာခိုင်နှုန်းကိုပဲ အတင်းအကြပ်လဲခိုင်းပါတော့တယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013