Home
နိုင်ငံတကာ
ဘတ်ငွေတန်ဖိုး စံချိန်တင်မြင့်တက်
DVB
·
September 24, 2024
Photo-Reuters

အမေရိကန်ဒေါ်လာ အားနည်းလာတာနဲ့ ရွှေစျေးမာလာတာတွေကြောင့် အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ဘတ်ငွေတန်ဖိုးဟာ ၁၉ လအတွင်း အမြင့်ဆုံးရောက်လာတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

တနင်္လာနေ့မှာ ဘတ်စျေးဟာ ၁ ဒေါ်လာကို ၃၂ ဒသမ ၉၂ ဘတ်နဲ့ စျေးဖွင့်ခဲ့ပြီး ၁၉ လအတွင်း အမြင့်ဆုံး ဖြစ်ခဲ့သလို သောကြာနေ့အပိတ်စျေး ၃၃ ဒသမ ၆၀ ဘတ်နဲ့ယှဉ်ရင် ထိုးတက်သွားတာ ဖြစ်ပါတယ်။

အမေရိကန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုထိန်းဖို့ သူ့ပေါ်လစီနှုန်းကို ၅ အခြေပွိုင့် ၅၀ အထိ လျှော့ချခဲ့အပြီးမှာ ဒေါ်လာတန်ဖိုး လျော့သွားတဲ့အတွက် ဘတ်တန်ဖိုးက တဒေါ်လာ ၃၃ ဘတ်  အတန်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာနဲ့လဲနှုန်းမှာ ဘတ်စျေးဟာ ဒီတပတ်ထဲ ဆက်စျေးမာနေဖို့ရှိပြီး ၃၂ ဒသမ ၇၅ ကနေ ၃၃ ဒသမ ၅၀ ဘတ် ကြားထဲမှာ ရောင်းဝယ်နေနိုင်တယ်လို့  Bank of Ayudhya အောက်မှာရှိတဲ့   Krungthai Global Markets (Krungsri) က ခန့်မှန်းထားပါတယ်။

အမေရိကန်ဗဟိုဘဏ်ရဲ့  ပေါ်လစီနှုန်းထား သိသိသာသာ လျှော့ချလိုက်ပေမဲ့ ထိုင်းဗဟိုဘဏ်ရဲ့ ငွေကြေးပေါ်လစီကော်မတီ (MPC) ကတော့ လာမယ့် အောက်တိုဘာ ၁၆ ရက် အစည်းအဝေးမှာ ပေါ်လစီနှုန်းကို ၂ ဒသမ ၅ ရာခိုင်နှုန်းမှာပဲ ဆက်ထိန်းထားမယ်လို့ Krungsri က ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်တာကလည်း ဘတ်စျေးမာစေတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ Krungthai Global Markets က သုံးသပ်ပါတယ်။

ကမ္ဘာ့ရွှေစျေးဟာ အတက်ဘက်မှာပဲ ဆက်ရှိနေနိုင်တဲ့အတွက် ဒေသတွင်းက တခြားငွေကြေးတွေနဲ့စာရင် ရွှေစျေးနဲ့ ဆက်စပ်မှု ပိုအားကောင်းတဲ့ ဘတ်စျေးလည်း မာနေဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013