Home
မြန်မာသတင်း
စက်သုံးဆီသွင်းရန် ဒေါ်လာ သန်း ၃၀ ထပ်ရောင်းမည်
DVB
·
September 21, 2024

စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်က စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။

FX Market Online Trading Platform က တဆင့် ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး ဘယ်နေ့မှာ ဘယ်လောက် ရောင်းချပေးမယ်ဆိုတာကိုတော့ အသိပေးထားတာ မရှိပါဘူး။

ပြင်ပငွေကြေးဈေးကွက်မှာတော့  တက်ရိပ်ပြလာ‌နေဒေါ်လာဈေးက ဒီကနေ့ ပြန်ဆင်းသွားပြီး စက်တင်ဘာ ၂၀ ရက်  အမေရိကန်ဒေါ်လာ ပေါက်ဈေးက ဝယ်ဈေး ၅,၀၅၀ ကျပ်၊ ရောင်းဈေး  ၅,၁၅၀  ကျပ် ဝန်းကျင်ရှိနေပါတယ်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းမှာ ဒေါ်လာပြင်ပပေါက်ဈေးက ဝယ်ဈေး ၅,၂၀၀ကျပ်၊ ရောင်းဈေး ၅,၃၀၀ ကျပ်ထိ အတက်ရှိခဲ့ပြီး တရက်အတွင်း တဒေါ်လာကို ၁၅၀ ကျပ်ဝန်းကျင် ပြန်ဆင်းလာ ခဲ့တာပါ။

စစ်ကောင်စီဩဇာခံဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်ထဲကို  ဒေါ်လာအပါအဝင် ယွမ်နဲ့ ဘတ်ငွေ‌တွေကိုပါ ဆက်တိုက်ထုတ်ရောင်းပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကနေ အခုလအထိ အမေရိကန် ဒေါ်လာ သန်း ၂၆၀ ဝန်းကျင် ထုတ်ရောင်းထားပြီးဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ ရက်ကလည်း အမေရိကန်ဒေါ်လာ ၁၇ သန်းကို စက်သုံးဆီနဲ့ စားသုံးဆီ  တင်သွင်းတဲ့လုပ်ငန်း‌တွေအတွက် ထုတ်ရောင်းချပေးမယ်လို ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာပြီးနောက် စက်တင်ဘာ ၁၃ ရက်မှာ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်နဲ့အတူ တရုတ်ယွမ်  ၁ ဒသမ ၅ သန်း‌ကျော်၊ ထိုင်းဘတ် ၁ သန်း နီးပါးကို   ဗဟိုဘဏ်က ထုတ်ရောင်းချ ခဲ့ပြီး  စက်တင်ဘာ ၁၆ ရက်မှာ ဒေါ်လာ ၅ သန်း၊ စက်တင်ဘာ  ၁၉ ရက်မှာ ဒေါ်လာ ၈ ဒသမ ၅ သန်းကျော်ကို ထပ်မံထုတ်ရောင်းခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013