Home
မြန်မာသတင်း
ရန်ကုန်အတွက် စက်သုံးဆီ ဦးစားပေးထုတ်ပေးနေ 
DVB
·
August 28, 2024
OIL-CAR_25122023

ရန်ကုန်မြို့၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်သုံးဆီ သိုလှောင်ကန်တွေကနေ ကုမ္ပဏီတချို့ ဆီပြန်လည်ထုတ်ပေးလာပြီး ရန်ကုန်မြို့ကို အထူးဦးစားပေးထုတ်ပေးနေတယ်လို့ ဆီကိုယ်စားလှယ်တယောက်က  ပြောပါတယ်။

“ကျနော်တို့ကုမ္ပဏီကတော့ ကောင်းပါတယ်။ ကျန်တဲ့ ကုမ္ပဏီတွေကတော့ မသိဘူး။ ကုမ္ပဏီတွေပေါ် မူတည်သေးတယ်။ ကုမ္ပဏီတခုနဲ့တခုကမတူဘူး။ ရန်ကုန်တို့ဘာတို့ ဦးစားပေးနဲ့ ပေးနေတယ်။”

စစ်ကောင်စီက စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်ရှိ ဩဂုတ်လအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ အမေရိကန်ဒေါ်လာ သန်း ၁၃၀ အထိ ရောင်းချပေးခဲ့တာပါ။ 

ဒါကြောင့် လတ်တလောမှာ သီတင်းတပတ်မှ နှစ်ပတ်အတွင်း ညအိပ်တန်းစီစောင့်ဆိုင်းလာရတဲ့ ရပ်နီး၊ ရပ်ဝေးက ဆီသယ်ယာဥ်တွေလည်း အရင်ကလောက် တန်းမစီရတော့ဘူးလို့ ပဲခူးတိုင်းအရှေ့ခြမ်းက ဆီသယ်ယာဥ်မောင်းနှင်သူတယောက်က ပြောပါတယ်။

“နည်းနည်းလေးတော့ သိပ်မကျပ်တော့ဘူး။ နည်းနည်းလေးပေါလာပြီ။ ကားတွေ အရင်လောက် မတန်းရတော့ဘူး။ အပြင်မှာလည်း ပန့်ဆိုင်တွေမှာ ကားတွေ ဒီလောက်မတန်းရတော့ဘူး။”

ဒါကြောင့် အခုလအတွင်းဖြစ်ပေါ်ခဲ့တဲ့ စက်သုံးဆီရရှိဖို့အတွက် လက်လီဆိုင်တွေမှာ ကားတွေ ပိတ်ဆို့တဲ့အထိ ညအိပ်တန်းစီလာရတဲ့ စက်သုံးဆီအကျပ်အတည်းက လတ်တလောမှာ အထိုက်အလျောက် ပြေလည်လာတယ်လို့ ရန်ကုန်မြို့က အငှားယာဥ်မောင်းနှင်သူတဦးက ပြောပါတယ်။

“အခုက ဆီက အဆင်ပြေသွားပြီ၊ ဘာမှမဖြစ်တော့ဘူး၊ သိပ်မတိုးရတော့ဘူး။”

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာအရ မကြာခဏ စက်သုံးဆီပြတ်လပ်လာတဲ့အပြင် ဆီမရတဲ့ရက်တွေက ပိုများလာပါတယ်။ ဒါ့အပြင် စက်သုံးဆီမှောင်ခိုဈေးတွေကလည်း ၅ ဆကနေ  ၁၀ ဆအထိ မြင့်တက်ခဲ့တာပါ။ 

ဒါ့အပြင် ဆီရောင်းသူမရှိလို့ ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေးကိုလည်း ထပ်ဆင့်အကျပ်တည်းဖြစ်စေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက်  လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ နယ်မြို့နဲ့ ကျေးရွာတွေမှာ အဲ့ဒီဒဏ်ကိုပိုပြီး ခံစားနေရပါတယ်။

စက်သုံးဆီရောင်းချတဲ့ သင်္ဘောတွေ ရန်ကုန်မြစ်ဝမှာ ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေက သတင်းအဆက်မပြတ်ကြိုထုတ်ထားကြပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နိုင်ငံခြားငွေကြေး ဈေးကွက်ထဲကို ဒေါ်လာငွေတွေ ရောင်းချလိုက်မှသာ စက်သုံးဆီတွေက ဈေးကွက်ထဲကို အမှန်တကယ် ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013