Home
မြန်မာသတင်း
ရန်ကုန်တွင်  သမဝါယမစနစ်ပုံစံ ဆီစာအုပ်ဖြင့် ဝယ်ခိုင်းရန် စတင်လုပ်ဆောင်
DVB
·
August 23, 2024

သမဝါယမစနစ်အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုပြီးနောက် ရန်ကုန်တိုင်းအတွင်း စားအုံးဆီဝယ်ယူရာမှာ သမဝါယမခေတ်ကလို စာအုပ်တွေနဲ့ ဝယ်ယူဖို့ စစ်ကောင်စီက စတင်လုပ်ဆောင်နေ ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှာ စားအုံးဆီဝယ်ယူရာမှာ သတ်မှတ်ပေးထားတဲ့ ဆီဝယ်ယူခွင့်ရစာအုပ်တွေနဲ့သာ ဝယ်ယူနိုင်ဖို့အတွက် စစ်ကောင်စီဘက်ကလုပ်ဆောင်နေပြီး အဆိုပါ စာအုပ်ပါမှသာ ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးမှာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကျောက်တံတားမြို့နယ်မှာနေထိုင်သူတဦးက “သမဝါယမခေတ်ကလို သူတို့ပေးတဲ့ စာအုပ်နဲ့ဝယ်လို့ရမယ်။ စာအုပ်ထုတ်ဖို့အတွက် ရပ်ကွက်ရုံးမှာ အိမ်ထောင်စုစာရင်း နဲ့သွားထုတ်ရမယ်ပြောတယ်။

လက်ရှိအချိန်အထိကတော့ အိမ်ထောင်စုစာရင်းပြပြီး ဆီတန်းစီနေရတုန်းပဲလို့ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ သမဝါယမစနစ်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်တယ်၊ သမဝါယမနစ်ကို အကောင်အထည်ဖော်ကြဖို့ ပြောဆိုပြီးနောက် စားအုံးဆီဝယ်ယူရာမှာ စာအုပ်တွေနဲ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလိုစာအုပ်တွေနဲ့ ဝယ်ယူခွင့်ရမယ်ဆိုတာကလည်း တပတ်ကို တကြိမ်လောက်သာ ဝယ်ယူခွင့်ရမှာဖြစ်ပြီး ဘယ်လောက်အထိဝယ်ယူခွင့်ရမယ်ဆိုတာနဲ့ အဲ့ဒီစနစ်စတင်တဲ့အချိန်မှာ စားအုံးဆီရည်ညွှန်းဈေးထပ်မံမြင့်တက်နိုင်ခြေ ရှိ/မရှိ အပေါ် မြို့ခံပြည်သူတွေကမ မေးခွန်းထုတ် နေပါတယ်။

ဘားလမ်းမှာနေထိုင်သူ တဦးက “စာအုပ်နဲ့ဝယ်တာကလည်း သိပ်ပြီးထူးမယ်မထင်ဘူး။ အခုတန်းစီနေရသလိုပဲ ဝယ်ရမယ် ထင်တယ်။ တပတ်တကြိမ်ပဲပေးမယ်လို့လည်း ကြားတယ်။ အမှန်ဆို အဲ့ဒါတွေလုပ်မယ့်အစား ဆီဈေးကျအောင်လုပ်ပြီး ပြည်သူတွေ လိုသလောက် ဝယ်နိုင်အောင်လုပ်ပေးရမှာ။ စာအုပ်နဲ့ဝယ်ရတဲ့အချိန်မှ ဆီဈေးကထပ်တက်မှာလည်း စိုးရိမ်တယ်”လို့  ပြောပါတယ်။

လက်ရှိမှာတော့ စားအုံးဆီရည်ညွှန်းဈေးဟာ တပိဿာကို ကျပ် ၆၀၀၀ ကျော်အထိရှိပြီး ပြင်ပပေါက်ဈေးကတော့ ၁၈၀၀၀ လောက်အထိရှိနေတာကြောင့် ရည်ညွှန်းဈေးအတိုင်းရောင်းတဲ့နေရာတွေမှာပဲ တန်းစီဝယ်ယူနေကြရဆဲ ဖြစ်ပါတယ်။

မြဝတီကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်ပြီး ကုန်စည်စီးဆင်းမှု ခက်ခဲနေချိန်ဖြစ်လို့ ပြည်တွင်းသုံးစွဲမှုများတဲ့ ထိုင်းနိုင်ငံကတင်သွင်းတဲ့ စားသုံးဆီ တံဆိပ်မျိုးစုံဟာလည်း ဈေးမြင့်တက်နေပြီး ပစ္စည်းရှားပါးနေတယ်လို့ ရန်ကုန်က စားသုံးဆီ လက်လီရောင်းချနေသူတွေထံက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013