ရန်ကုန်၊ တာမွေမြို့နယ်မှာ ဩဂုတ် ၁၈ ရက်၊ ညပိုင်းက အဘွားအိုတဦးတည်း နေအိမ်မှာရှိနေစဉ် လုယက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO) ထံက သိရပါတယ်။
တာမွေမြို့နယ်၊ တာမွေကြီး ခ ရပ်ကွက်၊ ၁၆၆ လမ်းရှိ နေအိမ်တိုက်ခန်းမှာ မနေ့ သြဂုတ် ၁၈ ရက် ည ၈ နာရီဝန်းကျင်က အဘွားအိုတဦးထံက လုယက်ခဲ့သူ ၂ ဦးအနက် တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ လမ်းအတွင်းနေထိုင်သူတဦးက ပြောပါတယ်။
“အလုခံရတဲ့အမေက ၄ လွှာမှာနေပြီး သူ့သမီးက ၈ လွှာမှာ နေတာပါ။ သူ့အမေအခန်းကို ဆင်းလာတော့ တံခါးက ဖွင့်မရလို့ တခြားအခန်းတွေကို အကူအညီတောင်းပြီး ရိုက်ဖွင့်ဝင်တော့ လုယက်တဲ့ ၂ ဦးက ပြတင်းပေါက်ကနေ ခုန်ချပြေးတာ။ ရပ်ကွက်ထဲကလူတွေ လိုက်ပြီးဖမ်းတာ တဦးကိုပဲ မိလိုက်တယ်။”
တိုက်ခန်းအတွင်း လုယက်ခံရတဲ့ အဘွားအိုမှာ ထိုးကြိတ်ဒဏ်ရာ၊ လည်ပင်းညှစ်ခံရတဲ့ ဒဏ်ရာတွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ရကြောင်းနဲ့ လုယက်ပြီး လွတ်မြောက်သွားသူထံ ရွှေနဲ့ ငွေသားတချို့ ပါသွားကြောင်း ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အလားတူ အခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့မှာ တက္ကစီယာဉ်မောင်းတဦးကို ဓားနဲ့ထိုးကာ ကားလုယက် ယူဆောင်ပြီးနောက် ရပ်ထားတဲ့ ကား ၁၀ စီးကို ဝင်တိုက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။
Photo - MMRO