Home
မြန်မာသတင်း
ရန်ကုန်ကို စစ်ရှောင်လာသည့်ပြည်သူများအား ကူညီရန် တော်လှန်ရေးအဖွဲ့များတိုက်တွန်း 
DVB
·
August 15, 2024

နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ နေရာဒေသအနှံ့က စစ်ရှောင်ပြည်သူတွေ ရန်ကုန်ကို စစ်ရှောင်ဖို့ ရောက်ရှိလာတဲ့အခါ နွေးထွေးစွာ ကြိုဆိုကာကွယ်ပေးဖို့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ စစ်ရှောင်ပြည်သူတွေ အများအပြားက မြို့ပြတွေကို တိမ်းရှောင်ထွက်ပြေးလာကြရပါတယ်။

ရန်ကုန်ကို စစ်ရှောင်ရင်း ရောက်ရှိလာမယ့် ပြည်သူတွေကို ရန်ကုန်ဒေသခံတွေအနေနဲ့ နွေးထွေးပျူငှာစွာ ကြိုဆိုကာကွယ်ပေးဖို့၊ အိမ်ငှားခတွေ မတက်ဖို့၊ ဈေးနှုန်းသက်သာစွာနဲ့ ငှားရမ်းပေးဖို့၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့် အပြုအမူ အပြောအဆိုတွေ ရှောင်ရှားကြဖို့ စတဲ့ အချက် ၅ ချက်ပါ တိုက်တွန်းနှိုးဆော်ချက်ကို ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုအဖွဲ့ ၁၈ ဖွဲ့က ပူးပေါင်းတောင်းဆိုထားကြပါတယ်။

ပြည်သူတွေကို တောင်းဆိုသလို ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ရှောင်လာသူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ နည်းလမ်းတွေ ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်တဲ့ မြေပြင်သပိတ်ရဲဘော် ကိုဗျတ္တက DVB ကို ပြောပါတယ်။

“ကျနော်တို့ ကိုယ်တိုင်လည်း ရန်ကုန်မြို့ပေါ်မှာပဲ နေပြီးတော့ ဒီသတင်းစကားကို ပြည်သူတွေဆီ ပြောကြားခြင်း ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း နိုင်တဲ့ဘက်က စစ်ရှောင်ပြည်သူတွေကို ကူညီဖို့အတွက် အစွမ်းကုန်ကြိုးစားပါ့မယ်။ နည်းလမ်းတွေကိုလည်း ရှာဖွေ ကြံဆနေပါတယ်ဗျ။”

တော်လှန်ရေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက်ပုံဖော်နေချိန်မှာ ပြည်သူလူထုက စည်းစည်းလုံးလုံးနဲ့ အချင်းချင်း ရိုင်းပင်းကြဖို့ကိုလည်း ထုတ်ပြန်ချက်ပါ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌကလည်း တိုက်တွန်းပါတယ်။

“ခေတ်ကာလအခြေအနေ အထွေထွေအကျပ်အတည်း ဖြစ်နေတဲ့အချိန် တော်လှန်ရေးကာလ ဖြစ်တာနဲ့အညီ ကျနော်တို့တွေလည်း တချိန်ကျလို့ရှိရင် ရန်ကုန်၊ မန္တလေး ဒီလို မြို့ကြီး ပြကြီးတွေမှာ နေသူတွေလည်း စစ်ရှောင်ရမလားဆိုတာ မသိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ချစ်ခြင်းမေတ္တာနဲ့ အသိဉာဏ်နဲ့ ပြည်သူတွေအချင်းချင်း ရိုင်းပင်းကူညီဖို့က အဓိကဖြစ်တယ်လို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။ ဘယ်လိုအခြေအနေမျိုး ဘယ်လိုအချိန်ကာလမျိုးမှာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ကျနော်တို့အားလုံးဟာ ရန်ကုန်မှာ ပြန်ဆုံကြမှာ ဖြစ်ပါတယ်။”

လက်ရှိ ရန်ကုန်မှာ နေရာပြောင်းရွှေ့လာတဲ့ စစ်ရှောင်ပြည်သူတွေ အများအပြား ရောက်ရှိနေကြပြီး ရန်ကုန်မြို့ခံတွေကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေကြတယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

“ဒီကာလမှာ ရန်ကုန်ကို စစ်ဘေးရှောင်တွေ ခပ်စိတ်စိတ် ရောက်လာတာကို တွေ့ရပါတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေက အတတ်နိုင်ဆုံးတော့ နွေးနွေးထွေးထွေး ဆက်ဆံကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တချို့သော လောဘသမားတွေပေါ့ အိမ်လခတွေကို ဈေးတက်ပြီးတော့ ငှားတာကိုလည်း အနည်းအကျဉ်းတော့ တွေ့ရပါတယ်။ ရန်ကုန်သားတယောက် အနေနဲ့ကတော့ ရန်ကုန်ကို ဘယ်သူပဲလာလာ ကြိုဆိုပါတယ်လို့။”

ထုတ်ပြန်ချက်ထဲမှာတော့ အိမ်ငှားခတွေ ဈေးမတက်ဖို့အပြင် ကိုယ်အား ဉာဏ်အားတွေနဲ့ ကူညီပေးဖို့၊ စစ်ကောင်စီတပ်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိနှိပ်မှုတွေကိုလည်း‌ ဖော်ထုတ်ပေးဖို့ ပါရှိပါတယ်။

လက်ရှိ ရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက စစ်ရှောင်ပြည်သူတွေကို ဧည့်စာရင်းမပေးတာ၊ အိမ်မငှားဖို့ အိမ်ရှင်တွေကို ခြိမ်းခြောက်ပြောဆိုတာနဲ့ တင်းကျပ် စစ်ဆေးတာတွေ လုပ်ဆောင်နေ ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013