Home
မြန်မာသတင်း
မိုးဗြဲတွင် ရေမကျသေးသဖြင့်  စစ်ရှောင်ပြည်သူများ အကူညီလိုအပ်
DVB
·
August 15, 2024

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီက မိုးဗြဲရေကာတာ ဖွင့်ချလိုက်တဲ့အတွက် ရေကြီးရေလျှံနေပြီး ရက်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

မိုးဗြဲရေကာရဲ့ ရေတံခါး ၃ ပေါက်ကို ဖွင့်ချလိုက်တဲ့အတွက် ဘီလူးချောင်းတလျှောက်က စစ်ဘေးရှောင် ပြည်သူ ၃၅၀၀ နီးပါး အထိရွေ့ပြောင်းနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဘီးလူးချောင်းရေမြင့်တတ်မှုကြောင့် မိုးဗြဲ၊ ဝှါရီဆူးပလိုင်၊ ဝှါရီကောခူ၊ နောင်ကန်နဲ့ လက်ပံကွင်းစတဲ့ စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်ပြည်သူ ၃၅၀၀ ကျော်ဟာ ရေဘေးတိမ်းရှောင်နေရတာပါ။

ဖယ်ခုံမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ဘီလူးချောင်းရေမြင့်တတ်ခဲ့တဲ့အတွက် ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ မိုးဗြဲရေကာတာရဲ့ ရေထိန်းတံခါးတွေကို မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်က ဖွင့်ချလိုက်တာကြောင့် ဘီလူးချောင်းရေမြင့်တက်ပြီး  ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို ရေနစ်မြုပ်ခဲ့တာပါ။

ဘီလူးချောင်းတလျှောက်က ဘုရားဖြူကျေးရွာ၊ ဘုရားနီကျေးရွာ၊ လှောင်ကန်စစ်ရှောင်စခန်းနဲ့ လက်ပံကွင်း စစ်ရှောင်စခန်းက ဒေသခံတွေဟာ နမ့်ဖယ်ခုံမြို့နယ်နဲ့ နို့ကို့ဒေသတွေကို ရွေ့ပြောင်းနေကြပြီး ငွေကြေးမတတ်နိုင်တဲ့ စစ်ဘေးရှောင်တွေကတော့ ရေလွတ်ရာ ကုန်းမြင့်တွေမှာ နေထိုင်ရတယ်လို့ သိရပါတယ်။

IEC အထွေထွေအတွင်းရေးမှူး ကိုဗညားက “ပြည်သူတွေက သူတို့စိတ်ကြိုက်နေရာ သူတို့ရွေ့ကြပါတယ်။ IEC ကလည်း အရေးပေါ်အတွက် ရေသန့်ဖြန့်ဝေတာတွေရှိတယ်။ ဖယောင်းတိုင်တို့ ဘာတို့ပေါ့။ မိုးဖို့ကာဖို့ မိုးကာတွေနဲ့ ငွေကြေးအနည်းအပါးပေါ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးက သူတွေ စီမံခန့်ခွဲရအောင် ထောက်ပံ့ပေးထားပါတယ်”လို့ ပြောပါတယ်။

ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ရေမသန့်ရှင်းမှုကြောင့် အရေပြား ယားနာရောဂါတွေလည်း လူတိုင်းနီးပါး ဖြစ်ပွါးနေကြရတယ်လို့ ဆိုပါတယ်။

ဆေးခန်းတွေလည်း ရေနစ်မြုပ်ကုန်တဲ့အတွက် ကျန်းမာရေးစောင့်လျှောက်မှုတွေ ထိထိရောက်ရောက် မပေးနိုင်ဘဲ အခြေခံစားသောက်ကုန်၊ ရေသန့်၊ မိုးကာနဲ့ ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေ ပါတယ်။

ထွန်းမြန်မာဒိုနေးရှင်းတာဝန်ခံက “ဘီလူးချောင်းအရှေ့ကနေ နောက်အထိ ချောင်းကိုမှီပြီးမှ ဆောက်ထားတဲ့အိမ်တွေရှိတယ်။ အိမ်အနောက်မှာ အိမ်သာရှိတယ်။ ရေတွေတတ်တော့ အိမ်သာတွေက မြုပ်ကုန်တယ်။ အိမ်သာမြုပ်တဲ့နေရာက ရေအသေဖြစ်တော့ အဲ့ဒီကရေကိုပဲ အားကိုးပြီးတော့ အောက်ကလူတွေကလည်း ကျိုချက်ပြီးတော့ သောက်ကြတယ်။ ရေချိုးကျတော့ ရေမသန့်လို့ ယားနာဖြစ်ကုန်တာပေါ့။ အဲ့ဒီရေမချိုးချင်ရင်လည်း စပါးခင်းကရေချိုးရတယ်။ စပါးတွေကရေမြုပ်တာကြာတော့ စပါးအဖတ်နဲ့ ရေနဲ့ထိပြီး အချွဲအကျိတွေထွက်တယ်။ အဲ့ကနေယားနာတွေဖြစ်ကြတာ”လို့ ပြောပါတယ်။

ရေလွှမ်းမိုးမှုကြောင့် မိုးဗြဲမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အတွင်းက ဒေသခံနဲ့ စစ်ဘေးရှောင်တွေရဲ့ ရိတ်သိမ်းခါနီး  နွေစပါးစိုက်ဧက ၁၃၀၀ ကျော်လည်း ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ 

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013