Home
မြန်မာသတင်း
ဇရပ်ကြီးမြို့တွင်  ပြည်သူ ၂၀၀၀ ကျော်စစ်ရှောင်နေရပြီး ရွာအတွင်း ၂၀၀ ကျော် ပိတ်မိနေ
DVB
·
August 14, 2024

ပဲခူးတိုင်းအရှေ့ပိုင်း၊ တောင်ငူခရိုင်၊ ဇရပ်ကြီးမြို့မှာ တိုက်ပွဲတွေ တကြော့ပြန်ဖြစ်ပွားနေလို့ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး ရွာအတွင်းမှာလည်း အရပ်သား ၂၀၀ ကျော် ပိတ်မိနေတယ်လို့ အကူအညီပေးသူတွေဆီက သိရပါတယ်။

ဇရပ်ကြီးမြို့မှာ ဩဂုတ် ၅ ရက်ကနေ ၉ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်အင်အားဖြည့်တာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ နတ်ရွာ၊ သူဌေးကုန်း၊ နှစ်တန့်ကူး စတဲ့ ကျေးရွာတွေက ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က ဇရပ်ကြီး-ကင်မွန်းခြုံလမ်းကို အသွားအလာပိတ်ပင်ပင်ပြီး ပစ်မိန့်ပေးထားတဲ့အတွက် ကင်မွန်းခြုံရွာအတွင်းမှာ ပစ္စည်းပြန်ယူတဲ့ ရွာခံပြည်သူ ၂၀၀ နီးပါးလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။

ကင်မွန်းခြုံစစ်ဘေးရှောင်နဲ့ နီးစပ်သူ တဦးက “အဓိကကတော့ ရွာတွေဘက်မှာလည်း ပြည်သူတွေ ရှောင်ကြတယ်၊ တောင်ငူမြို့ပေါ်မှာလည်း ရှိတယ်၊ မြို့ပေါ်လာရှောင်တဲ့သူတွေကတော့ ကူညီတဲ့လူရှိတာပေါ့လေ၊ ရွာဘက်မှာတော့ ကူညီတဲ့သူ နည်းတာပေါ့၊ ရှောင်တဲ့သူကတော့ ၂၀၀၀ ကျော်နေပြီ၊ ပစ်တာခတ်တာတွေတော့ ရှိနေတယ်။ ရွာကိုပြန်ပြီး ပစ္စည်းယူတဲ့သူတွေကတော့ ပိတ်မိသွားတယ်၊ လမ်းတွေပိတ်ပြီး ပစ်မိန့်ပေးထားတော့ သူတို့ ပြန်မထွက်ရဲကြဘူး”လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်နေကြသလို တောင်ငူမြို့ပေါ်ကို သွားရောက်စစ်ဘေးရှောင်နေကြရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာလည်း ဇရပ်ကြီးဒေသမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013