ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်က ဘီလူးချောင်းတလျှောက် နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူ ၃,၃၀၀ ကျော် ရေဘေးကြောင့် ရွှေ့ပြောင်းခဲ့ရပြီး သူတို့မှာ အရေပြားယားနာရောဂါတွေ ဖြစ်ပွါးနေတယ်လို့ မြေပြင်အကူအညီပေးသူတွေဆီက သိရပါတယ်။
ဖယ်ခုံမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ဘီလူးချောင်းရေ မြင့်တတ်နေတဲ့အတွက် ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ မိုးဗြဲရေကာတာရဲ့ ရေထိန်းတံခါးတွေကို မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်က ဖွင့်ချလိုက်တဲ့အတွက် ဘီလူးချောင်းရေကြီးမှု ဖြစ်ခဲ့တာပါ။
အိမ်သာတွေ ရေနစ်မြုပ်ခဲ့တဲ့အတွက် ရေမသန့်မှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူ ၃,၃၀၀ ကျော်မှာ ၈၀ ရာခိုင်နှုန်းက အရေပြားယားနာ ဖြစ်ပွါးနေကြတယ်လို့ သိရပါတယ်။
အကူအညီပေးတဲ့ ထွန်းမြန်မာဒိုနေးရှင်း ပရဟိတအဖွဲ့ တာဝန်ခံက “ဘီလူးချောင်းအရှေ့ကနေ အနောက်အထိ ချောင်းကိုမှီပြီးမှ ဆောက်ထားတဲ့အိမ်တွေ ရှိတယ်။ အိမ်အနောက်မှာ အိမ်သာရှိတယ်၊ ရေတွေတက်တော့ အိမ်သာတွေက မြုပ်ကုန်တယ်။ အိမ်သာမြုပ်တဲ့နေရာက ရေအသေဖြစ်တော့ အဲဒီကရေကိုပဲ အားကိုးပြီးတော့ အောက်ကလူတွေကလည်း ကျိုချက်ပြီး သောက်ကြတယ်။ ရေချိုးကျတော့ ရေမသန့်လို့ ယားနာဖြစ်ကုန်တာပေါ့။ အဲဒီရေမချိုးချင်ရင်လည်း စပါးခင်းကရေ ချိုးရတယ်။ စပါးတွေက ရေမြုပ်တာကြာတော့ စပါးအဖတ်နဲ့ ရေနဲ့ထိပြီး အချွဲအကျိတွေထွက်တယ်။ အဲ့ကနေ ယားနာတွေဖြစ်ကြတာ” လို့ ပြောပါတယ်။
ဆေးခန်းတွေလည်း ရေနစ်မြုပ်ကုန်တဲ့အတွက် ကျန်းမာရေးစောင့်လျှောက်မှု မပေးနိုင်ဘူးလို့ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ကာပေါ်လစ်ဆပ်ပြာ၊ ယားနာလိမ်းဆေး၊ ရေသန့်၊ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။