ရှမ်းတောင်ဘက်ကို စစ်ဘေးတိမ်းရှောင်နေကြတဲ့ လားရှိုးမြို့က စစ်ဘေးရှောင်တွေ ဒီရက်ပိုင်းအတွင်း နေရပ်ကိုပြန်ကြသူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်တွေက သြဂုတ် ၃ ရက်မှာ အပြီးတိုင်သိမ်းပိုက်လိုက်ပြီး နောက်ပိုင်း အုပ်ချုပ်ရေးယန္တရားတွေ ထူထောင်နေပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်သွားကြတဲ့ ပြည်သူတွေအနေနဲ့ မြို့ကို ပြန်လည်ဝင်ထွက်နေထိုင်နိုင်ပြီဖြစ်လို့ ရှမ်းတောင်ဘက်ကို တိမ်းရှောင်နေကြတဲ့ ပြည်သူတွေဟာ ဒီရက်ပိုင်းအတွင်း နေရပ်ကို ပြန်ကြသူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ် ရာနဲ့ချီပြီး ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ဖောင်ထွင်းအခိုးခံရတာလည်း ရှိနေပါတယ်။ ဒါ့ကြောင့် မြို့ကတိမ်းရှောင်သွားသူတွေဟာ ကိုယ့်အိမ် ထိခိုက်ပျက်ဆီးမှု ရှိမရှိနဲ့ ဖောင်ထွင်းအခိုးခံရမှု ရှိ မရှိ ပြန်ကြည့်ကြပြီး ကျန်ရှိတဲ့ ပစ္စည်းတွေ သယ်ယူကာ ပြန်လည်ထွက်ခွာသွားသူတွေလည်း ရှိနေပါတယ်။ မြို့ရဲ့ အခြေနေကတော့ ပြန်လည်စည်းကားစပြုလာပြီလို့ လက်ရှိနေထိုင်နေသူတွေက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ မြို့တွေက လူစည်းကားတဲ့နေရာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့် လားရှိုးမြို့က စစ်ဘေးရှောင်အများစုကတော့ မိမိနေအိမ်မှာ ပြန်လည်နေထိုင်ဖို့ လေကြောင်းရန်ကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီဟတ်ကျေးရွာထဲ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၂ ယောက် ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒါက ကျနော်တို့ ပြည်သူတွေကိုပဲ နှိပ်စက်တဲ့သဘောဖြစ်နေပြီ။ စစ်သားလည်းမရှိ၊ KIA လည်း မရှိဘဲနဲ့။ ရွာမှာ အဲ့လိုဖြစ်သွားတာ။”
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မိုင်ဆတ်ပါကျေးရွာအပြင် မိုးမောက်မြို့နယ် စီဟက်ကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာပါ။
အဲဒီနေ့က စစ်ကောင်စီဘက်က လိုင်ဇာမြို့ဘက်ကို Y12 လေယာဉ်အမျိုးအစားနဲ့ ပျံတက်လာချိန် တရုတ်ဘက်က လေကွဲအချက်ပြမီးတွေ ပစ်ခတ်ခဲ့တာကြောင့် KIO/KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ နမ်ဆန်ယန်ကျေးရွာကြားရှိ မိုင်ဆတ်ပါ ကျေးရွာနဲ့ မိုးမောက်မြို့နယ် စီဟတ်ကျေးရွာတို့မှာ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
စီဟတ်ကျေးရွာထဲမှာ စစ်ကောင်စီရဲ့ လေကြာင်းပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး အဲဒီညရဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူက ခုလို ပြောပါတယ်။
“ညသန်းခေါင်း ၁ နာရီချိန် ၂ မိနစ်အတွင်းမှာ ဖြစ်သွားတာ။ နိုးတာနဲ့ တခါတည်း ကလေးတွေ ဗုံးကျင်းထဲ ခေါ်ထည့်မလို့ပဲ။ မီးက တခါတည်း တအားတောက်လာပြီဆိုတော့ ကျနော်တို့ ပတ်ဝန်းကျင် ဘေးတွေမှာလည်း လာလောင်းပေးကြတယ်။ ဒါပေမယ့် မမှီဘူး။ နာရီဝက်လောက်ကြာတော့ ဟွန်ဒါစက်တလုံးရလို့ ကျနော်တို့ အိမ်ဘက် ကယ်လို့ရသွားတာ။ ဒီနှစ်အိမ်ကတော့ ကယ်လို့မနိုင်တော့ဘူး။ သူတို့ဆိုင်က ဓာတ်ဆီရောင်းတယ်၊ ကုန်ခြောက်ရောင်းတယ်။ အဲ့လိုဖြစ်သွားတာ။ သူတို့ဆီက အရင်မီးပေါက်သွားတာပေါ့။ ပြီးတော့မှ အထက်အိမ်မှာ တအိမ် မိသွားတာ။ ကျနော့်အိမ်ကတော့ ကပ်တဲ့ဘက်ကတော့ လောင်ပြီးသွားပြီ။ လေယာဉ်လာတဲ့ အသံတောင်မကြားလိုက်ဘူး။ ဗုံးကျတဲ့ အသံ ဒုန်းဒုန်းကြားမှ လန့်နိုးလာတာ။ အိမ်ထဲမှာတောင် ခဏလောက်ကြောင်နေသေး။ ပြီးတော့မှ ကလေးတွေကို ဗုံးခိုကျင်းထဲခေါ်ဖို့ အိမ်တံခါးဖွင့်မှ မီးတောက်ကြီးမြင်တော့။ ဆိုင်ကယ်တွေထုတ်၊ ကလေးတွေ အနောက်အိမ်ဘက်ပို့ပြီး မီးလောင်တဲ့အိမ်ကို ရေဝိုင်းပက်ကူတာပေါ့။ တချို့က လေယာဉ်ထပ်လာမှာ ကြောက်တော့ မလာရဲဘူး။ နောက်မှ လူများလာပြီး ဝိုင်းလုပ်ကြတာ။ ကျနော့်အိမ်ရော ဟိုက မြင်ရဲ့အိမ်ရော အမိုးတွေ လောင်ကုန်တာ မြင်ရတဲ့အတိုင်းပဲ။”
အဲဒီညက စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၄ လုံးထက်မနည်း ကြဲချခဲ့တာဖြစ်ပြီး ဒေသခံ ၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ လတ်တလောမှာတော့ လိုင်ဇာမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အဲ့ညက ကုန်းလောဘက်ကနေ စ ဝဲတယ်။ တောက်လျှောက် ကုန်းလောရွာထဲမှာလည်း ၂ လုံး ၃ လုံး ကျတယ်။ နောက် စီဟတ်ရွာမှာကျတော့ ဝပ်ရှော့ဆိုင်ကစပြီး ရွာထဲမှာ အတန်းလိုက် ၇ လုံးလောက် ဆက်တိုက်ချသွားတယ်။ စလောင်းကုန်းပေါ်မှာလည်း နည်းနည်းတော့ ချသွားတယ်လို့ ကြားတယ်။ လေယာဉ်လာလို့ ပြေးရင်းနဲ့ ထိတာ။ ဒီမိသားစုကတော့ ခါးရိုးကျိုးသွားတယ်၊ ပေါင်တွေ ထိတယ်။ မျက်နှာမှာတွေရော၊ ဗုံးရဲ့ဒဏ်ကြောင့်၊ အခုတော့ လိုင်ဇာဆေးရုံမှ ဆေးကုသမှုခံယူနေတယ်။”
လတ်တလော ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ပစ်ခတ်မှုတွေ တောက်လျှောက် လုပ်ဆောင်နေတာပါ။
KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မိုင်ဆပ်ပါကျေးရွာကို ဩဂုတ် ၈ ရက်နေ့ မနက်ပိုင်း တနာရီခန့်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိုင်ဆပ်ပါကျေးရွာရှိ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တို့မှာ သုံးကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာချိန်တိုင်း စစ်ကောင်စီတပ်က လိုင်ဇာမြို့နဲ့ အနီးတဝိုက်ကို လေကြောင်းကနေ လာရောက်ပစ်ခတ်မှုတွေ ရှိသလို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို အမြဲစိုးရိမ်နေကြပါတယ်။
ဒေသခံတဦးက “တချို့ကတော့ တခြားရွာကို ပြေးကြတယ်။ ညဆိုရင် အမျိုးသမီးတွေက လုံခြုံတဲ့ ဘုန်းကြီးကျောင်းမှာ သွားအိပ်ကြတယ်။ ကျနော့် အမျိုးသမီးနဲ့ ကလေးတွေကိုလည်း အဲ့မှာ သွားအိပ်ခိုင်းတယ်။ ကျွန်တော်ကတော့ အိမ်မှာပဲ အိပ်တယ်။ ပြေးစရာမြေလဲ မရှိတော့ဘူးလေ။ လေယာဉ်သံကြားရင်တော့ ကတုတ်ကျင်းထဲ ဝင်အိပ်တယ်။ ကတုတ်ကျင်းမရှိတဲ့ အိမ်တွေက ကတုတ်ကျင်းရှိတဲ့ အိမ်တွေမှာ သွားအိပ်ကြတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ် တပြည်နယ်လုံး ဇူလိုင် ၂၁ ရက်ကစပြီး ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းအားလုံး ပြတ်တောက်သွားတာ ခုဆို ၃ ပတ်ကြာရှိလာပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းတွေ ပြတ်နေတဲ့အတွက် ပြည်သူတွေ သတင်းအချက်လက်ရရှိဖို့ ခက်ခဲနေကြတဲ့အပြင် အထူးသဖြင့် တိုက်ပွဲဇုန်နဲ့အနီးမှာရှိတဲ့ ပြည်သူတွေဟာ စိုးရိမ်မှုအပြည့်နဲ့ နေနေကြရပါတယ်။
မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့တခုဖြစ်ပြီး တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတခုဖြစ်ပါတယ်။
လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက စခန်းလက်မလွတ်ရရေးအတွက် မြေပြင်ကနေရော လေကြောင်းကနေပါ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်အားလုံးဖြတ်တောက်ထားတာကြောင့် ဒေသတွင်း သတင်းအချက်အလက် ရရှိမှုအခက်အခဲတွေလည်း ဖြစ်နေပါတယ်။
စစ်ရှောင်ကာလ ၃ လကျော်ကြာမြင့်လာပြီ ဖြစ်တဲ့ မိုးမောက်က စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။
မေ ၇ ရက် မနက်ကစပြီး ကချင်လွတ်လပ်ရေးတပ်တော် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
မိုးမောက်မြို့အနီး ပတ်ဝန်းကျင်မှာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်ကာလ ၃ လကျော် ကြာမြင့်လာပြီဖြစ်တဲ့အတွက် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာကြပါတယ်။
စစ်ရှောင်တဦးက “အခုက သူများအိမ်မှာနေရတယ်။ တချို့ဆိုရင် နေစရာမရှိလို့ မိုးကာတဲနဲ့ နေရတယ်။ အခုမိုးရာသီဆို အရမ်းခက်ခဲတယ်။ သမံတလင်းမှာပဲ အခုလိုမျိုး အိပ်ရတယ်။ အဲ့အခါကျတော့ ရောဂါတွေလည်း ဖြစ်လာတယ်။ ရေတွေလည်း မကောင်းဘူး။ ပြီးရင် ကိုယ်တွေလည်း ကိုက်တယ်။ ခြေလက်တွေလည်း ကိုက်ခဲကြတယ်။ ကလေးတွေကအစ အဖိုးအဖွားတွေ အကုန်လုံး နေထိုင်မကောင်းကြတယ်။ ဆေးရုံ ဆေးခန်းမှာလည်း လူနာတွေ အရမ်းပြည့်တယ်။ ငှက်ဖျားတွေလည်း ဖြစ်တယ်။ သွေးလွန်တုပ်ကွေးတွေလည်း ဖြစ်တယ်။ ကလေးတွေလည်း ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်ကြတာပေါ့။ ပြီးရင်လည်း နေထိုင်စားသောက်ရတာ အရမ်းခက်ခဲတယ်။ ကိုယ့်အိမ်မှာဆို စိုက်ပျိုးစားသောက်လို့ ရသေးတယ်။ ဒီမှာဆိုရင် သူများနေရာဆိုတော့ စိုက်ပျိုးလို့ မရဘူး။ သူများအိမ်မှာနေရတာလည်း ကြပ်ကြပ်နဲ့။ အိမ်သေးတအိမ်ကို အိမ်ထောင်စု သုံးလေး စုလောက် နေရတယ်။ မီးဖိုချောင်ကအစ ခက်ခက်ခဲခဲနဲ့ နေရတယ်။ ကျမတို့ အခုရှောင်တဲ့နေရာဆိုရင် အထောက်အပံ့လည်း မရဘူး။ ဆန်တော့ပေးတယ်။ ဆီလည်း နည်းနည်းပါးပါး ပေးတယ်။ ပိုက်ဆံကတော့ တကြိမ်ပဲ ၄ သောင်း တယောက်ကို ရဖူးပါတယ်။ ကျမတို့ အခု အလုပ်တွေလည်း မရှိဘူး။ အိမ်မှာက ကျန်းမာရေး မကောင်းတဲ့သူတွေကြီးပဲ။ အမျိုးသားကလည်း အလုပ်ထွက်လုပ်လို့ မရဘူး။ လမ်းတွေလည်း မကောင်းတော့ သွားလို့မရဘူး။ ဒီချောင်းတွေမှာပဲ ငါးတွေဖမ်း။ အရွက်တွေ လိုက်ရှာပြီးပဲ စားသောက်နေထိုင်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ စခန်းလက်မလွှတ်ရရေးအတွက် လေကြောင်းကနေပစ်ကူကာ နေ့တိုင်း လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
စစ်ရှောင်ပြည်သူတွေကတော့ လက်ရှိ စစ်ဘေးရှောင်နေရာကနေ အခက်အခဲဖြစ်နေတာကြောင့် လေကြောင်း အန္တရာယ်ကို ပိုပြီး စိုးရိမ်နေကြပါတယ်။
“တအားခက်ခဲတယ်။ ထွက်ပြေးဖို့လည်း မလွယ်ဘူး ဒီမှာက။ ဗုံးတွေကြဲလာတော့ အန်တီတို့က ဘယ်မှာ ပုန်းရမလဲ ဘယ်လိုထွက်ရမလဲ တအားကြောက်ရတယ်။ သူတို့က တစ်ခါတည်း ဒိန်း ဒိန်း ဒိန်း ဆိုပြီး လာချတဲ့အခါကျတော့ ကလေးလေးပါတယ်။ ခြေထောကမသန်တဲ့သူလည်း ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ အဲ့ခါကျတော့ ထွက်ပြေးလို့ တအားခက်တယ်” လို့ စစ်ရှောင်ပြည်သူက ပြောပါတယ်။
စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေ ပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေ ကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေက ပြောပါတယ်။
စစ်ရှောင်တဦးက “ဖုန်းလိုင်းတွေ ပြတ်တောက်သွားတော့ ကျမတို့ ယောင်းမတို့ဆီမှာ စစ်တွေဖြစ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ အဆက်အသွယ်မရတော့ဘူး။ သူတို့ ဘယ်လိုနေထိုင်နေကြလဲ၊ သူတို့ကိုလည်း စိတ်ပူတယ်။ သူတို့လည်း ကိုယ့်ကို စိတ်ပူကြမှာပေါ့။ နောက်တခုက အရင်တုန်းကဆိုရင် လေယာဉ်လာရင် တခုခုဖြစ်ရင် ဖုန်းလိုင်းရှိတော့ အဆက်အသွယ်ရတယ်။ အခုကျ အဆက်အသွယ်မရတော့ မသိဘူး။ လေယာဉ်လာရင် ထပြေး အဲလိုဖြစ်နေပြီ။ ဘာမှ မသိရဘူး။ သတင်းအမှောင်ချထားသလိုပဲ။ တိုက်ပွဲတွေ ဘယ်မှာဖြစ်နေတယ်။ ကိုယ့်နေရာမှာ ဘာတွေဖြစ်နေတယ်။ ဘာတွေပျက်စီးသွားတယ်။ ကျမတို့ မသိရဘူး။ ကိုယ့်ဆွေမျိုးတွေ ဘယ်မှာဘာဖြစ်နေလဲ မသိရဘူး။ ဒီမှာ လျှပ်စစ်မီးလည်း မရဘူး၊ ညဆိုရင် အမှောင်ချထားရတယ်။ ရေဒီယိုလည်း မရှိဘူး။ သတင်းအချက်အလက်တွေ ဘာမှ မသိရဘူး။ အကန်းလိုပဲ။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း မသိရဘူး” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေ ၇ ရက်နေ့ကတည်းကနေ တမြို့လုံး ထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်း လေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ ဆိုကြပေမဲ့ အရေအတွက် အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်မြို့တခုတည်းမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တဝက်လောက်က ပြီးခဲ့တဲ့ မတ်လလောက်မှာ KIA က စခန်းသိမ်း တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်ခဲ့ကြတာပါ။
KIA ပူးပေါင်းတပ်တွေကတော့ နောက်ဆုံးကျန်ရှိနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ မေလမှာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပေမဲ့ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဇူလိုင် ၂၄ ရက်မှာ တကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေပါ အပြင်းအထန်ခုခံနေတာ ဖြစ်ပါတယ်။
ခွန်ဇော်ဦး/ ဟန်န