နှစ်ပေါင်း ၇၀ ကျော် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဆိုးသွမ်းခဲ့ကြတာမို့ စစ်မိစ္ဆာ မကောင်းဆိုးဝါးတွေဟာ မိဘပြည်သူ့တွေရဲ့ ဒဏ်ခတ်မှုနဲ့ ကျိန်စာတွေနဲ့ ရင်ဆိုင်လာရတာ အခုချိန်မှာတော့ အထွတ်အထိပ်ကို ဝင်ရောက်လို့ သူတို့အပေါ် ပြန်လည်လာတဲ့ ဝဋ်ကြွေးသက်ရောက်မှုတွေဟာ ကြီးမားသထက် ကြီးမားလာနေပြီ ဖြစ်ပါတယ်။
ပုဂံခေတ်မှာ တရုတ်ပြေး မင်းဆိုးမင်းယုတ် နရသီဟပတေ့ကို ပညာရဲရင့်တဲ့ မိဘုရားကြီးဖွားစောက အောက်ပါအပြစ်တွေ ကျူးလွန်တဲ့ ဘယ်သူမဆို ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို မလွဲမသွေခံရမယ်လို့ သတိပေး ဆုံးမခဲ့ဖူးပါတယ်။
၁။ ပြည့်ဝမ်းဗိုက်ကို ဖောက်တဲ့သူ
(တိုင်းနိုင်ငံရဲ့ စစ်မှန်တဲ့ သူကြွယ်သူဌေးတွေကို ညှဉ်းပန်းစော်ကားရင်)
၂။ ပြည့်ဦးကင်းကို နှိမ်တဲ့သူ
(တိုင်းနိုင်ငံရဲ့ စစ်မှန်တဲ့ လွှတ်တော်ဝန်ကြီး မှူးမတ်တွေကို ဖမ်းဆီးဒုက္ခပေးရင်)
၃။ ပြည့်တံခွန်ကို လှဲတဲ့သူ
(တိုင်းနိုင်ငံရဲ့ စစ်မှန်တဲ့ ရဟန်းသံဃာ၊ ဘာသာရေး ခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်ကွပ်ရင်)
၄။ ပြည့်မျက်စိကို ဖောက်တဲ့သူ
(တိုင်းနိုင်ငံရဲ့ တတ်သိပညာရှင်တွေကို ဖမ်းဆီးစော်ကားရင်)
၅။ ပြည့်အစွယ်ကို ချိုးတဲ့သူ
(တိုင်းနိုင်ငံရဲ့ လူရိုသေရှင်ရိုသေ မင်းစိုးရာဇာတွေကို ဖိနှိပ်စော်ကားရင်)
၆။ ပြည့်မျက်နှာကို ဖျက်တဲ့သူ
(တိုင်းနိုင်ငံရဲ့ သားပျို သမီးပျိုများကို ဖျက်ဆီးဒုက္ခပေးရင်)
၇။ ပြည့်ခြေလက်ကို ဖြတ်တဲ့သူ
(တိုင်းနိုင်ငံရဲ့ ရဲမက်စစ်သည်တွေကို အကျိုးမဲ့အကြောင်းမဲ့ သေစေရင်)
ပြည်သူလက်မခံ သဘောမတူပါဘဲ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာ ၃ ရပ်ကို လုယူထားခဲ့ပြီး အထက်ပါ ခွင့်မလွှတ်ထိုက်တဲ့ အမှားနဲ့ အပြစ်တွေ ကျူးလွန်ခဲ့ကြတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ ကြံရာပါ အမှုတွဲ စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးတသိုက်အတွက် သံဝေဂယူတတ်ရင် သင်ခန်းစာယူစရာဖြစ်ပေမဲ့ မောဟအမှောင်ဖုံးနေလေတော့ သူတို့အတွက် မထိုက်တန်တဲ့ အာဏာပါဝါ ဥစ္စာဓနတွေ မစွန့်လွှတ်နိုင်တော့ မိုက်တွင်းဆက်တူးလာကြရင်း ပြန်လမ်းမဲ့ လမ်းဆုံးကို ရောက်လာကြတာမို့ တချို့ဓားပြ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ၊ စစ်ဗိုလ် စစ်သားတွေဟာ အလွန်ရုပ်ပျက် ဆိုးဝါးလှတဲ့ ဘဝတွေနဲ့ မြေမှာဖျပ်ဖျပ်လူးလို့ ဇာတ်သိမ်းနေကြရပြီ ဖြစ်ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းယူဖို့ ဩဂုတ်လ ၁ ရက်နေ့မှာ လေယာဉ်ကွင်းကို သိမ်းပိုက်ထားတဲ့ MNDAA တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတပ်တွေ ရှေ့ကိုချီတက်လာတော့ လားရှိုး ခုတင် ၁၀၀ စစ်ဆေးရုံတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ MNDAA တပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာမှာ စစ်ဆေးရုံတပ် စစ်ဓားပြဗိုလ် စစ်သား အကျအဆုံးများစွာနဲ့ ကပ်လျက်က တိုင်းစစ်ဌာနချုပ် ပင်မရုံးချုပ်ဘက် ဆုတ်ခွာသွားခဲ့ရပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်ရဲ့ ကိုယ်ရေးအရာရှိ သေဆုံးခဲ့ရတဲ့အပြင် ဆေးရုံတက် ကုသမှုခံယူနေရတဲ့ စစ်အရာရှိကြီးတချို့လည်း တပါတည်း သေဆုံးခဲ့ရကြောင်း၊ Drop bomb တွေ ဒရုန်းတွေနဲ့ချပြီး တိုက်ခိုက်ခံရတာမို့ ခုတင် ၁၀၀ ဆေးရုံမှာ ဒဏ်ရာရ စစ်ဓားပြအရာရှိတွေနဲ့ ဓားပြစစ်သားတွေ သေဆုံးကြရပြီး ရင်ခွဲရုံမှာ အလောင်းတွေပုံလို့ ပုပ်စော်တွေနံ၊ မီးပျက်၊ အအေးခန်းမရှိ၊ ဆေးကုသမှုဆိုင်ရာ ဆေးဝါးတွေလည်း မရှိတော့ဘူး၊ မြေမြှုပ်သင်္ဂြိုဟ်ပေးမယ့်သူ မရှိဘူးလို့ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုတဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ MNDAA နဲ့ မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေနဲ့ ပင်မရုံးချုပ်ကို သိမ်းပိုက်နိုင်ခဲ့ရာမှာ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ကို အရှင်ဖမ်းဆီးရရှိမိပြီး လက်နက်ချစစ်သည်နဲ့ တပ်မိသားစုဝင် ထောင်ချီရှိနေကြောင်း သိရှိရပါတယ်။
လားရှိုးမှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မကျခင် ဇူလိုင် ၃၀ ရက်ကနေစပြီး စစ်ကူပို့ရာမှာ ဩဂုတ် ၂ ရက်ညတုန်းကလည်း တန့်ယန်းမြို့နယ် နောင်လိုင် မန်ပန်လမ်းအတိုင်း UWSA “ဝ” စစ်တပ်ကတာဝန်ယူခေါ်လာခဲ့တာမို့ စစ်ကူပို့မယ့် အကြမ်းဖက်တပ်ယာဉ်တန်းဟာ ညဘက်ကြီး ထွက်လာခဲ့စဉ် နောင်လိုင်အထွက် ဟိိုနရွာအနီးမှာ MNDAA တပ်ရဲ့ရုတ်တရက် ခြုံခိုတိုက်တာခံခဲ့ရပြီး အင်အား ၃၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းမှာ ၁၀၀ နီးပါး အစုလိုက် အပြုံလိုက်သေကျေခဲ့ပါတယ်။
ဦးဆောင်လာတဲ့ စကခ ၁၂ က စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးကြီးအောင်ကျော်မိုး (တေဇ ၂၄) ဟာ မလွတ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရပါတယ်။ အလားတူပဲ KIA ဦးဆောင်တဲ့ မဟာမိတ်တပ်များ တိုက်ခိုက်နေတဲ့ ဇူလိုင်လ ၃၀ ရက်နေ့ မိုးမောက်မြို့ တိုက်ပွဲမှာ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးစည်သူကျော် သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းတုန်းကလည်း မှော်ဘီမှာရှိတဲ့ စစ်ဓားပြလေတပ်စခန်းမှာ ရှေ့တန်းစစ်မြေပြင်ကိုသွားဖို့ ယူရိုကော့ပတာ ရဟတ်ယာဉ် ပျံတက်စဉ်မှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် တောင်ပိုင်းတိုင်း ဓားပြလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူး၊ အမျိုးသမီးလေယာဥ်မှူးတို့ သေဆုံးသွားခဲ့ရပါတယ်။
ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်စွာ ဒုက္ခပေးလာခဲ့ကြတဲ့ အာဏာရူး မင်းအောင်လှိုင်နဲ့ ဓားပြဂိုဏ်းခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေဟာလည်း အတုံ့အလှည့် ဝဋ်ကြွေးအရ မကြာခင်မှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အမြင့်ဆုံးဒဏ်ခတ်မှုနဲ့ ကျိန်စာသက်ရောက်မှုတွေနဲ့ ကြုံတွေ့ခံစားကြရတော့မှာ အသေအချာပါပဲ။
တကယ်တော့ စစ်အာဏာရှင်စနစ်ဟာ သူ့စနစ်က မွေးဖွားပေးလိုက်တဲ့ လူဆိုးလူယုတ်၊ စစ်သူခိုးဓားပြတွေရဲ့ ဖျက်ဆီးတာ ပြန်ခံရပြီး ကိုယ့်အရိုးနဲ့ ကိုယ်ပြန်ထိုးခံရလို့ ပျက်သုဉ်းရမယ့်စနစ်ဆိုး ဖြစ်ပါတယ်။ စစ်ဓားပြတပ်ထဲမှာ ခိုးတဲ့သူများတော့ ဘတ်ဂျက်ကို အဆင့်ဆင့် ဖြတ်သုတ်ကြရင်း အရည်အသွေး အကုန်ထိုးဆင်းလာတာ၊ ရှေ့တန်းက လက်နက်တိုက်တွေတောင် အမိုးအကာတွေ ခိုင်ခိုင်ခံ့ခံ့မရှိတဲ့ သွပ်မိုးလောက်နဲ့ပဲ ကာထားကြပါသတဲ့။ သူ့စနစ်က သူ့ကို ပြန်ဖျက်ဆီးလာခဲ့တာပါပဲ။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မိဘပြည်သူရဲ့ ဘဏ္ဍာငွေကြေး လစာရိက္ခာ ယူနေကြပါလျက် ပြည်သူအပေါ် ကျေးဇူးကန်းလို့ ယုတ်မာရက်စက်စွာ အာဏာလုယက် သတ်ဖြတ်၊ မီးရှို့ ဓားပြတိုက်ခဲ့ကြတဲ့ စစ်အာဏာရှင် မကောင်းဆိုးဝါးတွေနဲ့ နောက်လိုက်တသိုက်ဟာ ပြည်သူ့လူထုရဲ့ ဒဏ်ခတ်မှုနဲ့ ကျိန်စာတွေကို တိတိပပ ရင်ဆိုင်ကြုံကြိုက်လာရလို့ ရုပ်ပျက်ဆင်းပျက် အသက်ဆုံး ဘဝတုံးနေကြရပါပြီ။ ဒီထက်လည်း ပိုပြင်းထန်ဆိုးဝါးတဲ့ နိဂုံးတွေ လာနေတာ အားလုံးမြင်သာလာပါပြီ။
အသက်ရှင်ကျန်နေသေးတဲ့ စစ်ဓားပြတပ်ထဲ အမှုထမ်းနေသူတွေသာမက ထောက်ခံနေကြဆဲ စစ်အသိုင်းအဝိုင်းအားလုံး အဲဒီလို သက်ရောက်မှု ကြီးမားလာတဲ့ ပြည်သူ့ဒဏ်ခတ်မှုနဲ့ ကျိန်စာတွေက လွတ်မြောက်လို့ အသက်ချမ်းသာရာ ရချင်တယ်၊ ကိုယ်နဲ့ ကိုယ့်မိသားစု အသက်၊ ဘဝ၊ အနာဂတ်ကို ကယ်တင်လိုတယ်ဆိုရင် လုပ်ဆောင်ရမယ့် တခုတည်းသောနည်းလမ်း အဖြေကတော့ နောက်မကျခင် အမြန်ဆုံးလက်နက်ချ၊ အညံ့ခံ၊ အလံဖြူတင်ပြီး စစ်ဓားပြဂိုဏ်း လက်အောက်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံကူးပြောင်းလာကြဖို့ပဲ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်